အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်တွင် လေဆင်နှာမောင်း (၁၀)အကြိမ်အထက် တိုက်ခတ်မှုကြောင့်  အနည်းဆုံး လူ (၂၆) ဦး သေဆုံးပြီး မြို့တစ်မြို့ ပျက်စီးသွား

အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်တွင် လေဆင်နှာမောင်း (၁၀)အကြိမ်အထက် တိုက်ခတ်မှုကြောင့်  အနည်းဆုံး လူ (၂၆) ဦး သေဆုံးပြီး မြို့တစ်မြို့ ပျက်စီးသွား
By Mr John

 အမေရိကန်နိုင်ငံ မစ္စစ္စပီပြည်နယ်အတွင်း လူဦရေအနည်းငယ် နေထိုင်သည့် ဒေသများတွင်  ဒေသစံတော်ချိန် ၂၀၂၃ခုနှစ် မတ်လ (၂၄) ရက်နေ့ ညပိုင်းက အားကောင်းသော လေဆင်နှာမောင်း (၁၀)ကြိမ်အထက် တိုက်ခတ်မှုကြောင့် လူအနည်းဆုံး (၂၆)ဦး သေဆုံးခဲ့ပြီး မြို့တစ်မြို့ ပျက်စီးသွားကြောင်း အစိုးရတာဝန်ရှိသူများက ၂၀၂၃ခုနှစ် မတ်လ (၂၅) ရက်နေ့တွင် ပြောသည်။ 

အမေရိကန်မိုးလေဝသဌာန National Weather Service က ဆလင်ဗာမြို့နှင့် ရိုးလင်းဖော့ခ် မြို့တွင် လေဆင်နှာမောင်းတစ်ခု ဖြတ်သန်းတိုက်ခတ်ခဲ့ကြောင်း အတည်ပြုထားပြီး အဆိုပါ ဖြစ်စဉ်ကြောင့် မစ္စစ္စပီပြည်နယ် အုပ်ချုပ်ရေးမှူး တိတ်ရိစ် က သေဆုံးသူအရေအတွက် (၂၆)ဦး ဖြစ်ကြောင်း အတည်ပြုထားသည်။

လူဦးရေ (၁၇၀၀) နေထိုင်ကြသည့် ရိုးလင်းဖော့ခ် မြို့တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မြို့ပျက်စီးသွားပြီဟု  ရိုးလင်းဖော့ခ် မြို့၏ မြို့တော်ဝန် အဲ့ဒရစ်ဝါလ်ကာ က သတင်းမီဒီယာများကို ပြောကြားထားသည်။

လေဆင်နှာမောင်းမှာ ရိုးလင်းဖော့ခ် မြို့ကို မတ်လ (၂၄) ရက် ဒေသစံတော်ချိန် ည (၈) နာရီကျော်တွင် တစ်နာရီလျှင် မိုင် (၅၀) ဖြင့် ဖြတ်သန်းတိုက်ခတ်သွားခဲ့ကြောင်း မိုးလေဝသဌာနက ဆိုသည်။ 



လတ်တလော ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေရင်း အတည်ပြုနိုင်သည့် သေဆုံး စာရင်းများအရ လူဦးရေ (၂၀၀) နေထိုင်ကြသည့် ဆလင်ဗာမြို့တွင် လူ (၄) ဦး၊ လူဦးရေ (၁၇၀၀) နေထိုင်ကြသည့် ရိုးလင်းဖော့ခ် မြို့တွင် အနည်းဆုံး (၁၄)ဦး၊ ဟမ်းဖရစ် ကောင်တီတွင် (၃)ဦး၊ ကာရို ကောင်တီတွင် နေအိမ်တစ်လုံးထဲ၌ လူ(၃)ဦး၊ မွန်ရိုးကောင်တီတွင် လူ(၂)ဦး၊ သေဆုံးခဲ့ကြောင်း သိရသည်။



မုန်တိုင်းနှင့် လေဆင်နှာမောင်း တိုက်ခတ်မှုများကြောင့် ပြိုကျ အပျက်အစီးများအကြား သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း နှင့် သဘာဝဘေးနှင့် ကြုံတွေ့နေရသည့် ဒေသများတွင် အပျက်အစီးများအကြား ရှာဖွေကယ်ဆယ်ရေးအဖွဲ့များက  အသက်ရှင်ကျန်သူများကို ဆက်လက်ရှာဖွေနေကြကြောင်း  မစ္စစ္စပီပြည်နယ် အရေးပေါ် စီမံခန့်ခွဲရေးဌာနက ပြောသည်။ 

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က မစ္စစ္စပီတွင် ပြင်းထန်သည့် လေဆင်နှာမောင်းကြောင့် သေဆုံး နှင့် ပျောက်ဆုံးသူများအတွက် ဆုတောင်းပေးနေလျက်ရှိပြီး အစိုးဘက်က လိုအပ်သည့်နေရာတွင် အမြန်ဆုံး ကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း ပြောထားသည်။

Storm Prediction Center ၏ အချက်အလက်များအရ မစ္စစ္စပီနှင့် အလာဘားမား ပြည်နယ်တို့တွင် (၂၄) နာရီအတွင်း လေဆင်နှာမောင်း အနည်းဆုံး (၁၁) ခု တိုက်ခတ်ခဲ့ကြောင်း သိရသည်။



Source: CNN, Reuters

Photo: SevereStudios.com/Jordan Hall/Reuters, REUTERS/Cheney Orr, Rogelio V. Solis/AP,