အိန္ဒိယနိုင်ငံမှ Covid-19 ကာကွယ်ဆေးများ လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်

အိန္ဒိယနိုင်ငံမှ Covid-19 ကာကွယ်ဆေးများ လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ ပို့ဆောင်
ဇန်နဝါရီ 22, 2021 | Covid-19| နိုင်ငံတကာသတင်း

အိန္ဒိယနိုင်ငံက မြန်မာသို့တင်ပို့သည့် Covishield ကိုဗစ်ကာကွယ်ဆေးများ တင်ဆောင်ထားသည့် လေယာဉ်မှာ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၂) ရက်နေ့ နံနက်ပိုင်းက ထွက်ခွာသွားပြီ ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ပြင်ပရေးရာဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr. Anurag Srivastava ထံမှ သိရသည်။



အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ပေးပို့သည့် COVID 19 ကာကွယ်ဆေးများ တင်ဆောင်သွားသည့် လေယာဉ်များ ထွက်ခွာပြီဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ပြင်ပရေးရာဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr. Anurag Srivastava က ဇန်နဝါရီလ (၂၂) ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၁၀)နာရီ (၂၂)မိနစ်အချိန်က   ၎င်း၏ twitter တွင် ရေးသားထားသည်ကို တွေ့ရသည်။

အိန္ဒိယနိုင်ငံ ဒေလီလေဆိပ်မှတဆင့် ပို့ဆောင်ရန်ပြင်ဆင်နေစဉ် ( ဓါတ်ပုံ - Anurag Srivastava )



အိန္ဒိယနိုင်ငံမှ တင်ပို့လိုက်သည့် ကာကွယ်ဆေးအလုံးရေ (၁) သန်းခွဲမှာ အိမ်နီးချင်းနိုင်ငံများကို ဦးစားပေးတင်ပို့မည့် အစီအစဉ်အရ မြန်မာနိုင်ငံသို့လည်း ပေးပို့ခြင်းဖြစ်သည်ဟု Hindustan Times သတင်းဌာနက ဖေါ်ပြထားသည်။



အိန္ဒိယနိုင်ငံ Serum Institute က ထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေး Covishield ကို အိမ်နီးချင်းနိုင်ငံများအား ဦးစားပေးအစီအစဉ်ဖြင့် မော်လ်ဒိုက်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ ဆေရှဲလ်၊ မြန်မာနှင့် မာရစ်ရှပ်စ်နိုင်ငံများသို့ ကူညီပံ့ပိုးမှုအဖြစ် တင်ပို့ပေးနေခြင်းဖြစ်ပြီး အာဖဂန်နစ္စတန်နှင့် သီရိလင်္ကာသို့လည်း  တင်ပို့မည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ဒေလီလေဆိပ်မှတဆင့် ပို့ဆောင်ရန်ပြင်ဆင်နေစဉ် ( ဓါတ်ပုံ - Anurag Srivastava )



တစ်ဆက်တည်းမှာပင် ဝယ်ယူထားသည့် နိုင်ငံများသို့ တင်ပို့ရောင်းချပေးသွားတော့မည်ဟု သိရပြီး မြန်မာနိုင်ငံကလည်း အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေးဝယ်ယူထားခြင်းဖြစ်သည်။

 

Tachileik News Agency



 

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။