ယူကရိန်းတွင် ကျူးကျော်တိုက်ခိုက်နေသည့် ရုရှားက အသက် (၄၀) ကျော်အရွယ်များကို စစ်ထဲဝင်ခွင့် ပြုရန် စီစဥ်နေ

Photo: REUTERS/Evgenia Novozhenina/File Photo
Photo: REUTERS/Evgenia Novozhenina/File Photo
ယူကရိန်းတွင် ကျူးကျော်တိုက်ခိုက်နေသည့် ရုရှားက အသက် (၄၀) ကျော်အရွယ်များကို စစ်ထဲဝင်ခွင့် ပြုရန် စီစဥ်နေ
By Mr John

 ရုရှားအနေဖြင့် ယူကရိန်းတွင် ၎င်း၏ စစ်ရေးကြိုးပမ်းမှုမြှင့်တင်ရန် အရေးတကြီးလိုအပ်နေသည့် လက္ခဏာအဖြစ် အသက် (၄၀) နှစ်အထက် နိုင်ငံသားများနှင့် အသက် (၃၀) နှစ်အထက် နိုင်ငံခြားသားများကို စစ်တပ်သို့ဝင်ခွင့်ပြုမည့် ဥပဒေမူကြမ်းတစ်ရပ်ကို စဥ်းစားသွားမည်ဟု လွှတ်တော်က မေလ (၂၀) ရက်နေ့တွင် ပြောသည်။ 

ထိုဥပဒေအရ စစ်တပ်က အသက်ကြီးသော စစ်ရေးကျွမ်းကျင်သူများ၏ ကျွမ်းကျင်မှုများကို အကျိုးရှိရှိ အသုံးချလာနိုင်မည်ဟု ရုရှားအောက်လွှတ်တော် State Duma ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

"အလွန်တိကျတဲ့လက်နက်များ၊ လက်နက်စစ်ဆင်ရေးများနဲ့ စစ်ဘက်ကိရိယာများ အသုံးပြုမှုအတွက် အဆင့်မြင့်ကျွမ်းကျင်သူများ လိုအပ်ပါတယ်။ အသက် ၄၀-၄၅ နှစ်မှာ အတွေ့အကြုံအရ သူတို့ ဒီလိုကျွမ်းကျင်သူတွေ ဖြစ်လာတယ်" ဟု လွှတ်တော်ဝက်ဘ်ဆိုက်က ဆိုသည်။ 

လက်ရှိ ဥပဒေအရ နိုင်ငံသားများကို အသက် (၁၈) နှစ်မှ (၄၀) နှစ်အထိနှင့် နိုင်ငံခြားသားများကို အသက် (၁၈) နှစ်မှ (၃၀) နှစ်အထိသာ ရုရှားစစ်တပ်သို့ ဝင်ရောက်နိုင်ကြောင်း သိရသည်။

ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေမှု (၈၆) ရက် ကြာမြင့်လာချိန်တွင် ရုရှားစစ်တပ်အနေဖြင့် အကြီးအကျယ် တွန်းလှန်မှုနှင့် တပ်ဖွဲ့ဝင်များစွာ ဆုံးရှုံးမှုတို့ ကြုံနေခဲ့ရသည်။ 

ယူကရိန်းဘက်ကမူ အရွယ်ရောက်ပြီး အမျိုးသားများအားလုံး ခုခံစစ်တွင် ဝင်ရောက်တိုက်ခိုက်နေခဲ့သည်။ 

မြို့ပျက်ပမာဖြစ်သွားသည့် မာရီယူပိုးလ်မြို့ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သော်လည်း ရုရှားအနေဖြင့် ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသအားလုံးကို ထိန်းချုပ်ရန် ၎င်း၏ရည်မှန်းချက်ပြည့်မြောက်ရေး အလှမ်းဝေးနေဆဲ ဖြစ်သည်။

"ရုရှားတွေ ဒုက္ခရောက်နေတာ သေချာပါတယ်။ ဒါက သူ့လူဦးရေ မစိုးရိမ်ဘဲ လူအင်အား မလုံလောက်မှုကို ဖြေရှင်းဖို့ နောက်ဆုံးကြံစည်မှု ဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှားအစိုးရအနေနဲ့ ယူကရိန်းမှာ သူတို့ရဲ့ ကျရှုံးမှုတွေကို ဖုံးကွယ်ဖို့ ပိုမိုခက်ခဲလာတယ်" ဟု ဥရောပဒေသ အမေရိကန်စစ်တပ် အကြီးအကဲဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး Ben Hodges က သုံးသပ်သည်။

ဗြိတိန်အခြေစိုက် လုံခြုံရေးနှင့် ကာကွယ်ရေး ကျွမ်းကျင်ပညာရှင်အဖွဲ့ RUSI မှ မြေပြင်စစ်ဆင်ရေး အထူးကျွမ်းကျင်သူ Jack Watling ကလည်း ရုရှားစစ်တပ်တွင် ခြေလျင်တပ်သား လျော့နည်းနေသည်ဟု ပြောသည်။

 "ရုရှားက ယူကရိန်းမှာရှိတဲ့ သူ့ရဲ့တပ်ရင်းတွေမှာ လူအင်အားတည်ငြိမ်အောင်လုပ်ဖို့ လိုပါတယ်။ မြေပြင်မှာ သူ့အခြေအနေ တိုးတက်ဖို့ဆိုရင် တပ်ရင်းတပ်ဖွဲ့အသစ်တွေ ဖွဲ့စည်းဖို့ လိုပါတယ်" ဟု ၎င်းကဆိုသည်။ 

"ဒါက နှေးကွေးပြီး ရှုပ်ထွေးတဲ့ လုပ်ငန်းစဥ်တစ်ခုပါ။ ဒါပေမဲ့ ကျွမ်းကျင်မှုနဲ့ စစ်ရေးအတွေ့အကြုံရှိပြီးသား လူတွေကို ခေါ်ယူအသုံးပြုပြီး ပိုမြန်အောင်လုပ်နိုင်ပါတယ်" ဟု Jack Watling က သုံးသပ်ခဲ့သည်။

ရုရှားအောက်လွှတ်တော်၏ အဆိုအရ ယခုဥပဒေမူကြမ်းအရ အရပ်သား ဆရာဝန်များ၊ အင်ဂျင်နီယားများနှင့် စစ်ဆင်ရေးနှင့်ဆက်သွယ်ရေး အထူးကျွမ်းကျင်သူများကို ခန့်အပ်ရန် ပိုမိုလွယ်ကူစေမည်ဟု ဆိုသည်။ 

ထိုအတောအတွင်း ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ကလည်း အနောက်ပိုင်းစစ်ဒေသတွင် ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းကို တုံ့ပြန်မှုအဖြစ် ထိုနေရာ၌ တပ်ရင်း (၁၂) ခု တိုးချဲ့ဖွဲ့စည်းနေကြောင်း NATO စစ်ရေးမဟာမိတ်အဖွဲ့သို့ ဖင်လန်နှင့် ဆွီဒင်နိုင်ငံတို့က အဖွဲ့ဝင်အဖြစ် လျှောက်ထားလိုက်ခြင်းကို ရည်ညွှန်းလျက် ပြောခဲ့သည်။

Source: Reuters