အကြီးဆုံးနှင့် အားအကောင်းဆုံး  အာကာသကြည့်မှန်ပြောင်းမှတစ်ဆင့် မြင်တွေ့ရသည့် စကြဝဠာပုံရိပ်များ

အကြီးဆုံးနှင့် အားအကောင်းဆုံး  အာကာသကြည့်မှန်ပြောင်းမှတစ်ဆင့် မြင်တွေ့ရသည့် စကြဝဠာပုံရိပ်များ
ဇူလိုင် 14, 2022 | နိုင်ငံတကာသတင်း
By Mr John

 နှစ်ပေါင်းဘီလီယံနှင့်ချီသော စကြဝဠာဆင့်ကဲဖြစ်စဥ်ကို လှစ်ဟပြသမှုအဖြစ် အမေရိကန်အာကာသအေဂျင်စီ NASA က အာကာသကြည့် မှန်ပြောင်းသစ် James Webb မှတစ်ဆင့် မြင်တွေ့ရသော ရင်သပ်ရှုမောဖွယ် ပထမဆုံး ပုံရိပ်များကို ဇူလိုင်လ (၁၁) ရက်နှင့် (၁၂) ရက်တို့တွင် ထုတ်ပြန်ပြသခဲ့သည်။ 

James Webb မှတစ်ဆင့် ရရှိခဲ့သည့် ပုံရိပ်များမှာ မျှော်လင့်ထားသည့်ထက်ပင် ပိုမိုကြည်လင်တောက်ပနေသည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၅) ရက်နေ့က အာကာသအတွင်းသို့ လွှတ်တင်ခဲ့သည့် James Webb မှာ အကြီးဆုံးနှင့် အားအကောင်းဆုံး အာကာသကြည့်မှန်ပြောင်းလည်း ဖြစ်သည်။ 

ထိုမှန်ပြောင်းကြီးကို ၂၀၀၄ ခုနှစ်တွင် Northrop Grumman Corp က NASA အတွက် စတင်တည်ဆောက်ခဲ့ပြီး အမေရိကန်ဒေါ်လာ (၉) ဘီလီယံ ကုန်ကျခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။ 

ယခုအခါ James Webb အာကာသကြည့်မှန်ပြောင်းကြီးမှာ ကမ္ဘာမြေပြင်အထက် မိုင် (၁) သန်းနီးပါး အကွာအဝေးရှိ နေပတ်လမ်းအတွင်း ရှိနေသည်။

James Webb ဖြင့် ယခင် Hubble အာကာသကြည့်မှန်ပြောင်းကနေ ရိုက်ကူးခဲ့သည့် စကြဝဠာနေရာများကိုပင် ရိုက်ကူးခဲ့ရာ အရည်အသွေး များစွာပိုမိုကောင်းမွန်ပြီး ကြည်လင်ပြတ်သားသည့် ပုံရိပ်များကို ရရှိခဲ့သည်။

 James Webb မှန်ပြောင်းကြီးမှတစ်ဆင့် ဂလက်ဆီများ၏ ဆင့်ကဲဖြစ်စဥ်၊ ကြယ်တာရာများဖြစ်စဥ်၊ ဝေးကွာသည့်ဂြိုဟ်များ၏ လေထုနှင့် နေအဖွဲ့အစည်းပြင်ပမှ လများကို သိပ္ပံပညာရှင်များ စူးစမ်းလေ့လာနိုင်မည် ဖြစ်သည်။

#TachileikNewsAgency

Source: CNN, Reuters

Photo: NASA, ESA, CSA, and STScI