ရွှေတြိဂံနယ်မြေတွင် အခြေစိုက်ပြီး အွန်လိုင်းကနေ လိမ်လည်သည့် တရုတ်ငွေလိမ်ဂိုဏ်းကြီးကို ထိုင်းရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီး

ရွှေတြိဂံနယ်မြေတွင် အခြေစိုက်ပြီး အွန်လိုင်းကနေ လိမ်လည်သည့် တရုတ်ငွေလိမ်ဂိုဏ်းကြီးကို ထိုင်းရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီး
By Mr John

 ထိုင်းဘုရင်၏ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုများကို စီမံခန့်ခွဲရသော Crown Property Bureau နှင့် ဆက်နွယ်သည်ဟု ပြောဆိုပြီး ရွှေလုပ်ငန်းတွင် စတော့ရှယ်ယာများဖြင့် ရင်းနှီးမြှုပ်နှံရန် လူအများအပြားကို လိမ်လည်ခဲ့မှုဖြင့် တရုတ်ကောလ်စင်တာ ငွေလိမ် ဂိုဏ်းခေါင်းဆောင်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး အခြား (၁၀) ဦးကိုလည်း အလိုရှိသူများအဖြစ် သတ်မှတ်ခဲ့ကြောင်း သိရသည်။

လိမ်လည်သူများက ၎င်းတို့၏ "Royal Gold" ရင်းနှီးမြှုပ်နှံမှုများကို လာအိုနိုင်ငံအတွင်း ရွှေတြိဂံဒေသရှိ နာမည်ဆိုးဖြင့် ကျော်ကြားသော Kings Romans ကာစီနိုတွင် အခြေစိုက်၍ လူအများအပြားထံမှ ဘတ် သန်း (၅၀၀) ခန့် လိမ်လည်ရယူခဲ့ကြောင်း နှင့် လူပေါင်း (၂၀၀၀)ကျော် လိမ်လည်ခံခဲ့ရကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့၏ နည်းပညာမှုခင်းနှိမ်နင်းရေးဌာနခွဲ Technology Crime Suppression Division (TCSD) က ပြောသည်။

ကောလ်စင်တာ ငွေလိမ်ဂိုဏ်း၏ ‌ခေါင်းဆောင်ဖြစ်သူ အသက် (၃၂) နှစ်အရွယ် တရုတ်နိုင်ငံသား Teng June ကို ဘန်ကောက်မြို့ Bang Khunthian တွင် ဖမ်းဆီး ရမိခဲ့ကြောင်း TCSD အကြီးအကဲ ရဲဗိုလ်ချုပ် Athip Pongsiwapai က ၂၀၂၃ခုနှစ် ဇွန်လ (၂၂) ရက်နေ့၌ မီဒီယာကို ပြောသည်။ 

ထိုင်းနိုင်ငံသား (၉) ဦးနှင့် နိုင်ငံမဲ့ အမျိုးသမီးတစ်ဦးကိုလည်း ယခုရက်ပိုင်းအတွင်း ချင်းရိုင်းနှင့် ချန်သာဘူရီ ပြည်နယ်တို့တွင် ဖမ်းမိခဲ့ကြောင်း ၎င်းကဆိုသည်။

တရုတ်ကောလ်စင်တာ ငွေလိမ်ဂိုဏ်း ခေါင်းဆောင်နှင့် ၎င်း၏ ကြံရာပါများထံမှ တန်ဖိုးကြီး ဇိမ်ခံကား (၃) စီး၊ ငွေသား ဘတ် (၅) သန်းကျော်၊ ရွှေထည်ပစ္စည်း (၃၀) ခု၊ တန်ဖိုးကြီး လက်ပတ်နာရီများ၊ တန်ဖိုးကြီး အိတ်များ၊ ကွန်ပျူတာများ၊ မိုဘိုင်းဖုန်းများ၊ SIM ကတ်များ၊ ဘဏ်စာအုပ်များ၊ ရွှေပိုင်ဆိုင်မှု စာရွက်စာတမ်းများနှင့် လက်နက်ခဲယမ်းအချို့ အပြင် အခြား ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလနှင့် မေလအတွင်း   တရုတ်ငွေလိမ်ဂိုဏ်း၏ လိမ်လည်မှုကြောင့် လူအများအပြားမှာ လိမ်ခံလိုက်ရပြီး ဘတ် သန်း (၅၀၀) ခန့် ဆုံးရှုံးခဲ့ကြကြောင်း ရဲဗိုလ်ချုပ် Athip က ပြောသည်။ 

၎င်းတို့သည် အွန်လိုင်းတွင် မိန်းမလှလေးများ၏ ပုံများကို အသုံးပြုကာ ဖြားယောင်းခြင်း နှင့် အချစ်ရေးနှင့်မိတ်ဖွဲ့ခြင်းများအပြင် Website အတုများ ပြုလုပ်ကာ စတော့ရှယ်ယာများထည့်ဝင်ရန် လိမ်လည်ခြင်းများကို လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုငွေလိမ်ဂိုဏ်းကို တရုတ်နိုင်ငံသား Teng က ဦးဆောင်လုပ်ကိုင်နေပြီး ရွှေတြိဂံနယ်မြေရှိ Kings Romans ကာစီနိုရုံဝင်းတွင် အခြေစိုက်ကြောင်း TCSD စုံစမ်းစစ်ဆေးရေးမှူးများက စုံစမ်းဖော်ထုတ် သိရှိခဲ့သည်ဟု ဆိုသည်။

 

Source: Bangkok Post

Photo: CIB