သက်တမ်းရှည် ရာထူးယူထားသည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကို ရာထူးမှ ဆိုင်းငံ့

သက်တမ်းရှည် ရာထူးယူထားသည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကို ရာထူးမှ ဆိုင်းငံ့
သြဂုတ် 24, 2022 | နိုင်ငံတကာသတင်း
By Mr John

 သက်တမ်းရှည်ရာထူးယူထားသည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချောင်အိုချာကို ရာထူးမှ ဆိုင်းငံ့ရန် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးက ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၄)ရက်နေ့တွင် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းခေါင်းဆောင် အငြိမ်းစားဗိုလ်ချုပ်ကြီး ပရာယွတ်က ဝန်ကြီးချုပ်ရာထူးကို (၈) နှစ်ကြာ ရယူထားခဲ့ပြီးဖြစ်ရာ အခြေခံဥပဒေအရ ဆက်လက် တာဝန်ယူခွင့်မရှိကြောင်း အရေးဆိုလျှောက်ထားမှုကို တရားရုံးက လက်ခံရန် ထောက်ခံမဲ (၅) မဲ၊ ကန့်ကွက်မဲ (၄) မဲဖြင့် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ထိုအရေးဆိုလျှောက်ထားမှုကို လွှတ်တော်က အခြေခံဥပဒေတရားရုံးသို့ ဩဂုတ်လ (၂၂) ရက်နေ့တွင် လွှဲပြောင်းဆုံးဖြတ်စေခဲ့သည်ဟု ဆိုသည်။ 

အာဏာသိမ်းပြီး ဝန်ကြီးချုပ်ဖြစ်လာသူ စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်က နောက်ထပ် (၂) နှစ် ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမည်ဟု ၎င်း၏ လက်ထောက်ဝန်ကြီးချုပ်နှင့် အာဏာသိမ်းမှု အပေါင်းအဖော်ဖြစ်သူ Prawit Wongsuwan ဩဂုတ်လ (၉) ရက်နေ့တွင် ပြောကြားထားခြင်းဖြစ်သည်။

အသက် (၇၆) နှစ်အရွယ် Prawit Wongsuwan မှာ စစ်တပ်အကြီးအကဲဟောင်းနှင့် နိုင်ငံရေးဩဇာကြီးမားသူလည်းဖြစ်ပြီး ပရာယွတ်ကို ရာထူးမှ ဆိုင်းငံ့လိုက်ပြီးနောက် ၎င်းက ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းခဲ့သူ ပရာယွတ်၏ ဝန်ကြီးချုပ်သက်တမ်းမှာ (၈) နှစ်ပြည့်ပြီဖြစ်ကြောင်း အခြေခံဥပဒေတရားရုံးက စိစစ်ရှင်းလင်းရန် အတိုက်အခံ Pheu Thai ပါတီက လိုလားနေခဲ့သည်။

ပရာယွတ်၏ ဝန်ကြီးချုပ်သက်တမ်းမှာ ဩဂုတ်လ (၂၃) ရက်နေ့တွင် အတိအကျ (၈) နှစ်ပြည့်မည်ဖြစ်ကြောင်း Pheu Thai က အစောပိုင်းတွင် ပြောခဲ့သည်။ 

ယခုကိစ္စမှာ တရားရုံးက ဆုံးဖြတ်ရန်ဖြစ်ကြောင်း ဝန်ကြီးချုပ်ပရာယွတ်က ဩဂုတ်လ (၈) ရက်နေ့တွင် တုံ့ပြန်ခဲ့ဖူးသည်။

#TachileikNewsAgency

Source: Source: Bangkok Post