ထိုင်းနိုင်ငံက MOU စနစ်ဖြင့် နိုင်ငံခြားသားလုပ်သားခေါ်ယူခွင့် နိုဝင်ဘာလကုန်တွင် ခွင့်ပြုရန် စီစဉ်နေ

MoU ကိစ္စ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် Photo: mol.go.th
MoU ကိစ္စ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် Photo: mol.go.th
ထိုင်းနိုင်ငံက MOU စနစ်ဖြင့် နိုင်ငံခြားသားလုပ်သားခေါ်ယူခွင့် နိုဝင်ဘာလကုန်တွင် ခွင့်ပြုရန် စီစဉ်နေ

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သားများခေါ်ယူလိုသည့် လုပ်ငန်းရှင်များ MOU ဖြင့်လုပ်သားခေါ်ယူခွင့်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလကုန်နောက်ပိုင်းတွင် စတင်ခွင့်ပြုနိုင်ဖွယ်ရှိပြီး အလုပ်ရှင်များအနေဖြင့် ခေါ်ယူမည့် လုပ်သားများ၏ quarantine ကုန်ကျစရိတ်၊  COVID 19 ကုသစရိတ်အပါအဝင် ကျန်းမာရေးအာမခံကုန်ကျစရိတ်များ ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် COVID 19 ကာလအတွင်း နိုင်ငံခြားသားလုပ်သားခေါ်ယူခွင့်ပြုရေးအတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် COVID 19 ထိန်းချုပ်ရေးကော်မတီတို့ ညှိနှိုင်းဆွေးနွေးပြီး သတ်မှတ်ချက်များကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၂) ရက်နေ့၌ ထိုင်းအလုပ်သမားဝန်ကြီးက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ရွှေ့ပြောင်းလုပ်သားများ နိုင်ငံတွင်း ဝင်လာချိန်တွင် ကာကွယ်ဆေး (၂)ကြိမ်အပြည့် မထိုးရသေးသူများ quarantine (၁၄) ရက်နှင့် ကာကွယ်ဆေးအကြိမ်ရေပြည့်ထိုးပြီးသူများ quarantine (၇)ရက် နေထိုင်ကာ COVID 19 စစ်ဆေးမှု (၂) ကြိမ်ခံယူပြီး ကာကွယ်ဆေးအကြိမ်ရေမပြည့်သေးသူများ အလုပ်သမားဝန်ကြီးဌာနက စီစဉ်ပေးသည့်အတိုင်း ကာကွယ်ဆေးထိုးရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ quarantine နေထိုင်စရိတ်အပါအဝင် COVID 19  နှစ်ကြိမ်စစ်ဆေးခ၊ COVID 19 စစ်ဆေးတွေ့ရပါက ကုသစရိတ်အပါအဝင် ကျန်းမာရေးအာမခံများကို ရွှေ့ပြောင်းလုပ်သားခေါ်မည့်အလုပ်ရှင်များက ကျခံရမည်ဟု သတ်မှတ်ထားသည်။

 

ရွှေ့ပြောင်းလုပ်သားတစ်ဦးလျှင် COVID 19 ကို နှစ်ကြိမ်စစ်ဆေးခ ဘတ် (၂၆၀၀)၊ နှစ်နှစ်တာကာလအတွက် ဗီဇာကြေး ဘတ် (၂၀၀၀)၊ နှစ်နှစ်စာ work permit အတွက် ဘတ် (၁၉၀၀)၊ ရောဂါ (၆)မျိုးဆေးစစ်ခ ဘတ် (၅၀၀)၊ COVID 19 အပါအဝင် ကျန်းမာရေးအာမခံ (၄)လစာအတွက် (၉၉၀)ဘတ်၊ ကာကွယ်ဆေးထိုးခ ဘတ် (၅၀)၊ quarantine ကုန်ကျစရိတ် တစ်ရက်လျှင် ဘတ် (၅၀၀)မှ ဘတ် (၁၀၀၀)ကြားကုန်ကျမည်ဖြစ်ရာ ပျမ်းမျှအားဖြင့် လုပ်သားတစ်ဦးအတွက် အလုပ်ရှင်က ဘတ် (၁၁၄၉၀)မှ ဘတ် (၂၂၀၄၀) ကျခံရမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံခြားသားလုပ်သားခေါ်မည့် အလုပ်ရှင်များအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက် (၇) ချက် သတ်မှတ်ပေးထားရာတွင် လုပ်သားခေါ်ယူလိုသည့်အရေအတွက်ကို တင်ပြရာတွင် လုပ်သားတစ်ဦးချင်းစီအတွက် ကုန်ကျရမည့်အဆိုပါစရိတ်များအား ကျခံရန်တာဝန်ယူကြောင်း တစ်ပါတည်း ပူးတွဲတင်ပြရမည်ဖြစ်ပြီး ခေါ်ယူမည့် လုပ်သားအမည်စာရင်းကိုလည်း တင်ပြရမည်ဟု ပါရှိသည်ကို တွေ့ရသည်။

နိုင်ငံတွင်း COVID 19 ထိန်းချုပ်ရေးကန့်သတ်ချက်အချို့ကို ဖြေလျော့ပေးလာပြီးနောက် လုပ်သားလိုအပ်ချက်မြင့်လာရာ ပိတ်ထားသည့်နယ်စပ်တလျှောက်မှ နေ့စဉ်နှင့်အမျှ ရွှေ့ပြောင်းလုပ်သားများ ခိုးဝင်မှုကို လျှော့ချနိုင်ရန်နှင့် COVID 19 ထိန်းချုပ်နိုင်ရန်အတွက် MOU စနစ်ဖြင့် လုပ်သားခေါ်ခွင့်ပေးရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတွင်း လိုအပ်မည့် ရွှေ့ပြောင်းလုပ်သားဦးရေ (၄)သိန်းကျော် နယ်စပ်ဝင်ပေါက်များမှ ဝင်ခွင့်ပြုနိုင်ရေးအတွက် အိမ်နီးချင်းများနှင့် နယ်စပ်ဂိတ်များ ပြန်ဖွင့်နိုင်ရေးကို ထိုင်းအလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနကို တင်ပြဆွေးနွေးထားကြောင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၉)ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံတွင် COVID 19 ကာကွယ်ဆေး အကြိမ်ရေအပြည့်ထိုးနှံပြီးစီးမှုမှာ နိုဝင်ဘာလ (၁၁)ရက်နေ့အထိ လူဦးရေ၏ ၄၉.၈ ရာခိုင်နှုန်းရှိကြောင်း WHO စာရင်းအရ သိရသည်။