ဘရာဇီးနိုင်ငံတွင် မျိုးနွယ်စုတစ်ခု၏ နောက်ဆုံးကျန်ရှိသူ တွင်းလူသား ကွယ်လွန် 

ဘရာဇီးနိုင်ငံတွင် မျိုးနွယ်စုတစ်ခု၏ နောက်ဆုံးကျန်ရှိသူ တွင်းလူသား ကွယ်လွန် 
သြဂုတ် 30, 2022 | နိုင်ငံတကာသတင်း
By Mr John

ဘရာဇီးနိုင်ငံတွင် မည်သူနှင့်မှ အဆက်အသွယ် မလုပ်ဘဲ နေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုတစ်ခု၏ နောက်ဆုံး ကျန်ရှိနေသောအမျိုးသား ကွယ်လွန်သွားပြီဟု အစိုးရတာဝန်ရှိသူများက ပြောသည်။ 

အမည်မသိရသည့် ထိုအမျိုးသားမှာ လွန်ခဲ့သည့် (၂၆) နှစ်လုံးလုံး တစ်ကိုယ်တည်း သီးခြားနေထိုင်ခဲ့သူလည်း ဖြစ်သည်။

တွင်းနက်နက်များ တူးထားလေ့ရှိတာကြောင့် ၎င်းကို တွင်းလူသားဟုခေါ်ကြပြီး အချို့တွင်းများမှာ တိရိစ္ဆာန်များကို ထောင်ချောက်ဆင်ဖမ်းရန်နှင့် အခြားတွင်းများမှာမူ ပုန်းအောင်းရန်ဖြစ်သည်ဟု ဆိုသည်။ 

အဆိုပါ တွင်းလူသား၏ အလောင်းကို ဩဂုတ်လ (၂၃) ရက်နေ့တွင် ၎င်း၏ ကောက်ရိုးတဲ အပြင်ဘက် အဝတ်ပုခက်တစ်ခုထဲတွင် တွေ့ရှိခဲ့ရပြီး ရုန်းရင်းဆန်ခတ် ဖြစ်ပွားထားသည့်လက္ခဏာ မတွေ့ရှိရကြောင်း တာဝန်ရှိသူများက ပြောသည်။

အဆိုပါ အမျိုးသားမှာ ပြင်ပနှင့်ဆက်ဆံမှုမရှိသော တိုင်းရင်းသားမျိုးနွယ်စုတစ်ခုမှ နောက်ဆုံးကျန်ရှိနေသူဖြစ်ပြီး ထိုမျိုးနွယ်စုမှ အခြား ကျန်ရှိသူ (၆) ဦးက ၁၉၉၅ ခုနှစ်တွင် အသတ်ခံခဲ့ရသည်ဟု ဆိုသည်။ 

၎င်း၏ မျိုးနွယ်စုဝင် အများစုကို ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း မြေယာချဲ့ထွင်လိုသည့် စိုက်ပျိုးမွေးမြူရေးလုပ်ကိုင်သူများက သတ်ဖြတ်ခဲ့ကြကြောင်း ယူဆရသည်။

ယခုနောက်ဆုံး ကျန်ရှိနေသည့် အသက် (၆၀) နှစ်ခန့် ဖြစ်မည်ဟု ယူဆရသော တွင်းလူသားမှာမူ သဘာဝအလျောက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

၎င်းနေထိုင်သည့် နေရာအတွင်းသို့ ကျူးကျော်ဝင်ရောက်မှု လက္ခဏာမတွေ့ရကြောင်းနှင့် တဲအတွင်း မည်သည့် ရုန်းရင်းဆန်ခတ်ဖြစ်မှု အခြေအနေမရှိကြောင်း တာဝန်ရှိသူများက ပြောသည်။ 

သို့သော် ရဲတပ်ဖွဲ့က အလောင်းခွဲစိတ်စစ်ဆေးမှု လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ဘရာဇီးနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဌာနေတိုင်းရင်းသားမျိုးနွယ်စုဝင်များက ၎င်းတို့ အစဥ်အဆက် နေထိုင်လာကြသည့် မိရိုးဖလာမြေကို ပိုင်ဆိုင်ခွင့်ရှိကြသည်။ 

ထိုကြောင့် ထိုမြေကို သိမ်းယူလိုသူများက ၎င်းတို့ကို သတ်ဖြတ်ခဲ့ကြသည်။ 

တွင်းလူသားကို ၎င်း၏ လုံခြုံရေးအတွက် ဘရာဇီးနိုင်ငံ ဌာနေတိုင်းရင်းသားများအရေးဌာန Indigenous Affairs Agency (Funai) မှ အေးဂျင့်များက ၁၉၉၆ ခုနှစ်မှစပြီး စောင့်ကြည့်ခဲ့ကြသည်ဟု ဆိုသည်။

ထိုစဥ်ကတည်းက တွင်းလူသားကို မမြင်တွေ့ကြရသော်လည်း ကောက်ရိုးများဖြင့် တည်ဆောက်ထားသည့် ၎င်း၏တဲနှင့် တွင်းများတူးထားသည်ကို Funai အေးဂျင့်များက တွေ့ခဲ့ကြသည်။ 

အချို့တွင်းများ၏ အောက်ခြေတွင် ဆူးချွန်များ ချထားကြောင်းလည်း တွေ့ခဲ့ရသည်။ 

၎င်း၏တဲနှင့် နေထိုင်သည့်နေရာမှ အထောက်အထားများအရ တွင်းလူသားက ပြောင်းဖူးနှင့်ပလောပီနံ၊ သင်္ဘောသီး နှင့် ငှက်ပျောကဲ့သို့ သီးပင်များကို စိုက်ပျိုးခဲ့သည်ဟု ဆိုသည်။

ဘရာဇီးနိုင်ငံတွင် ဌာနတိုင်းရင်းသားမျိုးနွယ်စု (၂၄၀) ခန့်ရှိနေပြီး အများအပြားမှာ တရားမဝင် သတ္တုတူးဖော်သူများ၊ သစ်ခုတ်သမားများနှင့် လယ်ယာစိုက်ပျိုးသူများက ၎င်းတို့၏ ပိုင်နက်နယ်မြေပေါ်ကို ကျူးကျော်လာမှုနှင့် ရင်ဆိုင်နေရကြောင်း Survival International က သတိပေးခဲ့သည်။ 

ထိုအဖွဲ့အစည်းက ဌာနေတိုင်းရင်သားမျိုးနွယ်စုများ၏ အခွင့်အရေးများအတွက် တိုက်ပွဲဝင်နေကြောင်း သိရသည်။

Source: BBC

Photo: VINCENT CARELLI/CORUMBIARA, J PESSOA/SURVIVAL INTERNATIONAL, FUNAI,