ကမ္ဘာ့အသက်အကြီးဆုံး အဖြစ် အသိအမှတ်ပြုခံရသည့် ဂျပန်အဘွားအို အသက် (၁၁၉) နှစ်အရွယ်တွင် ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံး အဖြစ် အသိအမှတ်ပြုခံရသည့် ဂျပန်အဘွားအို အသက် (၁၁၉) နှစ်အရွယ်တွင် ကွယ်လွန်
By Mr John

 ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခံရသူ အသက် (၁၁၉) နှစ်အရွယ် ဂျပန်အဘွားအို ကွယ်လွန်သွားကြောင်း ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတွေက ဧပြီ (၂၅) ရက်တွင် ပြောသည်။

ကာနီတာနာကာ အမည်ရှိ ထိုအဘွားအိုကို ၁၉၀၃ ခုနှစ် ဇန်နဝါရီ (၂) ရက်နေ့က ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖူကူအိုကာဒေသတွင် မွေးဖွားခဲ့သည်။

ထိုနှစ်သည် ရိုက်ညီနောင်က ပထမဆုံးအကြိမ် လေယာဥ်တီထွင်ပျံသန်းခဲ့ပြီး Marie Curie က ပထမဆုံး နိုဘယ်ဆုရ အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့သည့် နှစ်လည်းဖြစ်သည်။



အဘွားတာနာကာမှာ ဘိုးဘွားရိပ်သာတစ်ခုတွင် နေထိုင်ခဲ့ပြီး မကြာသေးမီအထိ ကျန်းမာရေးကောင်းမွန်ခဲ့ပြီး သူမကက စစ်တုရင်ကဲ့သို့ ကစားနည်းများ၊ သင်္ချာပုစ္ဆာဖြေရှင်းခြင်း၊ အချိုရည်နှင့် ချောကလက်တို့ကို နှစ်သက်သူဖြစ်ကြောင်း သိရသည်။

တာနာကာသည် အသက်ငယ်စဥ်အချိန်က ခေါက်ဆွဲဆိုင်နှင့် ဆန်ကိတ်အရောင်းဆိုင် အပါအဝင် စီးပွားရေးလုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်ခဲ့ပြီး သူမက ဟီဒဲအို တာနာကာနှင့် လွန်ခဲ့သည့် ရာစုနှစ် ၁၉၂၂ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး ကလေး(၄)ဦး ရရှိခဲ့ပြီး (၅)ဦးမြောက် ကလေးကို မွေးစားခဲ့ကြသည်ဟု ဆိုသည်။

အဘွားတာနာကာက ၂၀၂၁ ခုနှစ် တိုကျိုအိုလံပစ် အားကစားပြိုင်ပွဲ အိုလံပစ်မီးရှူးတိုင် သယ်ဆောင်သည့် အခမ်းအနားတွင် ဝှီးချဲလ်ဖြင့် ပါဝင်ရန်စီစဥ်ခဲ့သေးသော်လည်း ကပ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ထိုအစီအစဥ်ကို မလုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။



ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့အစည်း Guinness World Records က တာနာကာကို ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှား လူပုဂ္ဂိုလ်အဖြစ် ၂၀၁၉ ခုနှစ်အတွင်း သူမ၏အသက် (၁၁၆) နှစ်အရွယ်တွင် တရားဝင် အသိအမှတ်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုစဥ်က ဘဝတွင် အပျော်ရွှင်ဆုံးအချိန်က မည်သည့်အချိန်လဲဟု တာနာကာကို မေးမြန်းခဲ့ရာ သူမက "အခုအချိန်" လို့ ဖြေဆိုခဲ့သည်။



အဘွားတာနာကာ၏ နေ့စဥ် လှုပ်ရှားမှုများတွင် နံနက် (၆) နာရီ အိပ်ရာမှထခြင်း၊ မွန်းလွဲပိုင်းတွင် သင်္ချာပညာလေ့လာခြင်းနှင့် လက်ရေးလှလေ့ကျင့်ခြင်းတို့ ပါဝင်ကြောင်း ထိုစဥ်က ပြောခဲ့သည်။

"တာနာကာရဲ့ အနှစ်သက်ဆုံးအချိန်တွေထဲက တစ်ခုကတော့ Othello ဂိမ်းကစားတာပဲ။ သူမက ဘုတ်ပြားပေါ်မှာကစားရတဲ့ အဲဒီဂိမ်းမှာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာတယ်။ ဘိုးဘွားရိပ်သာဝန်ထမ်းတွေကို နိုင်လေ့ရှိတယ်" ဟု ဂင်းနစ်အဖွဲ့က ပြောသည်။



ဧပြီ (၁၉) ရက်နေ့တွင် အဘွားတာနာကာ ကွယ်လွန်သွားခဲ့ပြီးနောက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး Seitaro Hattori က သူမ၏ဘဝကို ဂုဏ်ပြုခဲ့သည်။

"ကျွန်တော် တာနာကာကို ဒီနှစ်ရဲ့ သက်ကြီးရွယ်အိုများနေ့ (စက်တင်ဘာလအတွင်း အများပြည်သူအားလပ်ရက်) မှာ သွားရောက်တွေ့ဆုံဖို့ရှိပါတယ်။ ပြီးရင် သူမ အကြိုက်ဆုံး အချိုရည်နဲ့ ချောကလက်တွေနဲ့အတူ အဲဒီနေ့ကို ဆင်နွှဲဖို့ပါ။ သူမရဲ့သတင်းကြောင့် ကျွန်တော် အလွန်စိတ်မကောင်းဖြစ်မိပါတယ်" ဟု ၎င်းက ဧပြီ (၂၅) ရက် ထုတ်ပြန်ချက်တွင် ပြောသည်။



ကမ္ဘာ့ဘဏ်၏ အချက်အလက်များအရ ဂျပန်တွင် ကမ္ဘာ့သက်ကြီးရွယ်အိုဦးရေ အများဆုံးရှိနေပြီး နိုင်ငံလူဦးရေ၏ (၂၈) ရာခိုင်နှုန်းဝန်းကျင်က အသက် (၆၅) နှစ်နှင့် အထက်ဖြစ်သည်။

ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့၏ အချက်အလက်များအရ သမိုင်းတစ်လျှောက် ကမ္ဘာ့အသက်အကြီးဆုံး သက်ရှိထင်ရှား လူပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်ခဲ့သူမှာ ပြင်သစ်အမျိုးသမီး Jeanne Louise Calment ဖြစ်ပြီး ၁၉၉၇ ခုနှစ်အတွင်း ကွယ်လွန်ချိန်တွင် အသက် (၁၂၂) နှစ်နှင့် (၁၆၄) ရက်ဖြစ်ကြောင်း သိရသည်။



Source: AFP

`