အမေရိကန်၏ ရွေးကောက်ပွဲ ရလာဒ်များအရ  လွှတ်တော်(၂)ခုကို ပါတီ တစ်ခုစီက ထိန်းချုပ်ခွင့်ရသွား

အမေရိကန်၏ ရွေးကောက်ပွဲ ရလာဒ်များအရ  လွှတ်တော်(၂)ခုကို ပါတီ တစ်ခုစီက ထိန်းချုပ်ခွင့်ရသွား
နိုဝင်ဘာ 17, 2022 | နိုင်ငံတကာသတင်း
By Mr John

 အမေရိကန်အစိုးရသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲများတွင် ရီပတ်ဘလစ်ကင်ပါတီက အောက်လွှတ်တော် အမတ်နေရာ အများစု အနိုင်ရရှိခဲ့ကြောင်း သိရသည်။ 

အောက်လွှတ်တော်တွင် ရီပတ်ဘလစ်တို့က အများစုဖြစ်ရန် လိုအပ်သည့် အမတ်နေရာ (၂၁၈) နေရာ အနိုင်ရခဲ့ပြီဟု ဆိုသည်။ 

ဒီမိုကရက်တစ်ပါတီကလည်း အောက်လွှတ်တော်တွင် အမတ်နေရာ (၂၁၀) ရရှိခဲ့ရာ ရီပတ်ဘလစ်ကင်တို့က ပွတ်ကာသီကာ အနိုင်ရသွားခဲ့ခြင်းလည်း ဖြစ်သည်။

အောက်လွှတ်တော်ကို ရီပတ်ဘလစ်ကင်တို့က ပြန်လည်ထိန်းချုပ်လာနိုင်ခြင်းကြောင့် လာမည့် (၂) နှစ်အတွက် သမ္မတဂျိုးဘိုင်ဒန်အစိုးရ၏ အစီအစဥ်များကို နှောင့်နှေးစေနိုင်ကြောင်း သိရသည်။ 

အစိုးရသက်တမ်းဝက် ရွေးကောက်ပွဲအပြီးတွင် အမေရိကန်ကွန်ဂရက်၏ လွှတ်တော်နှစ်ရပ်အနက် အထက်လွှတ်တော် Senate ကို လက်ရှိသမ္မတဂျိုးဘိုင်ဒန်၏ ဒီမိုကရက်တစ်ပါတီက ဆက်လက် ထိန်းချုပ်ထားနိုင်ခဲ့ပြီး အောက်လွှတ်တော် House of Representatives ကို ရီပတ်ဘလစ်ကင်တို့က ပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့သည်။

ထိုအခြေအနေအရ လွှတ်တော်နှစ်ရပ်ပါဝင်သည့် ကွန်ဂရက်လွှတ်တော်ကို ထိန်းချုပ်ရာတွင် ပါတီနှစ်ခုကြား ဘက်မျှသွားပြီး အမေရိကန်အစိုးရ နှစ်ခြမ်းကွဲသွားသည်ဟု ဆိုနိုင်သည်။

 အမေရိကန်ကွန်ဂရက်လွှတ်တော်သစ်ကို လာမည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃) ရက်နေ့တွင် ခေါ်ယူထားကြောင်း သိရသည်။

Source: BBC, Reuters