မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှုအရေအတွက် မီဒီယာနှင့် အဖွဲ့အစည်းများက ဖော်ပြထားမှုထက် ပိုများနိုင်

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် အရပ်သားသေဆုံးမှုအရေအတွက် မီဒီယာနှင့် အဖွဲ့အစည်းများက ဖော်ပြထားမှုထက် ပိုများနိုင်
By Mr John

မြန်မာနိုင်ငံတွင် စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ အာဏာသိမ်းခဲ့ပြီးနောက် ပထမလ (၂၀) အတွင်း အရပ်သား (၆,၀၀၀) ကျော် သေဆုံးခဲ့ကြောင်း နော်ဝေနိုင်ငံ အော်စလိုမြို့ အခြေစိုက် ငြိမ်ချမ်းရေးသုတေသနအဖွဲ့အစည်း Peace Research Institute of Oslo ၏ ၂၀၂၃ ခုနှစ် ဇွန်လ (၁၃) ရက်နေ့ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကျွန်တော်တို့ရဲ့ အချက်အလက်တွေက ပဋိပက္ခမှာ လူသေဆုံးမှု အရေအတွက်က အရင် ဖော်ပြထားခဲ့တာထက် ပိုများတယ်ဆိုတာ ပြနေပါတယ်။ အာဏာသိမ်းစစ်အုပ်စုက အဓိက လူသတ်သမားပဲ ဖြစ်တယ်။ စစ်အုပ်စုကို ဆန့်ကျင်တော်လှန်နေတဲ့ တပ်ဖွဲ့တွေမှာလည်း သူတို့ရဲ့လက်မှာ သွေးအများကြီးစွန်းခဲ့တယ်

 ဟု အစီရင်ခံစာကို ပူးတွဲရေးသားခဲ့သူ (၂) ဦးအနက်မှ တစ်ဦးဖြစ်သူ Stein Tonnesson က ပြောသည်။

ထိုအစီရင်ခံစာတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်မှ ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့အထိ အရပ်သား (၆,၃၃၇) ဦး နိုင်ငံရေးအကြောင်းပြချက်များကြောင့် အသတ်ခံခဲ့ရပြီး (၂,၆၁၄) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြသည်။ 

Peace Research Institute of Oslo အစီရင်ခံစာတွင် ဖော်ပြထားသည့် အရပ်သား သေဆုံးမှုအရေအတွက်မှာ နိုင်ငံတကာအဖွဲ့အစည်းများထံမှ အပါအဝင် အခြား အစီရင်ခံစာများတွင် ဖော်ပြထားမှုထက် များစွာပိုမိုကြောင်း သိရသည်။

အရပ်သား သေဆုံးမှုများအနက် ထက်ဝက်နီးပါးဖြစ်သည့် (၃,၀၀၃) ဦးမှာ စစ်အုပ်စု လက်အောက်ခံ စစ်တပ်၊ ရဲတပ်ဖွဲ့နှင့် ပျူစောထီးကဲ့သို့ လက်နက်ကိုင်များကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး (၂,၁၅၂) ဦးမှာ စစ်အုပ်စုကို ဆန့်ကျင့်တော်လှန်နေသည့် တပ်ဖွဲ့များကြောင့်ဟု ဇွန်လ (၁၃) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာက ဆိုသည်။ 

အရပ်သား (၁၂) ဦး သေဆုံးမှုမှာ စစ်အုပ်စု သို့မဟုတ် အတိုက်အခံများနှင့် မသက်ဆိုင်ကြောင်းနှင့် နောက်ထပ် (၁,၁၇၀) ဦး သေဆုံးမှုမှာ မည်သည့်အဖွဲ့အစည်းကြောင့်ဟု အတိအကျ မသိရကြောင်း အစီရင်ခံစာက ပြောသည်။

သေဆုံးမှုများမှာ မီဒီယာများတွင် ပုံမှန်ဖော်ပြထားမှုထက်က ပိုမိုကြီးမားသည့် အရေအတွက်ဖြစ်ပြီး ယုံကြည်စိတ်ချရသော မီဒီယာ သတင်းပေးပို့ချက်များထံမှ စုဆောင်းထားသည့် သတ်ဖြတ်မှုများအပေါ် အခြေခံ၍ ခန့်မှန်းချက်တစ်ခုသာဖြစ်ကြောင်း၊ သတင်းမရရှိ မှတ်တမ်းမတင်နိုင်သော သတ်ဖြတ်မှုများ အများအပြားရှိနိုင်ရာ အမှန်တကယ် သေဆုံးမှုအရေအတွက်မှာ သေချာပေါက် ယခုထက်ပိုများနိုင်ကြောင်း အစီရင်ခံစာက ဆိုထားသည်။

Source: AFP