အီရန်အာဏာပိုင်များက ဆန္ဒပြသူတစ်ဦးကို လမ်းပိတ်ဆို့မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်ကို ဒဏ်ရာရစေမှုတို့ဖြင့် သေဒဏ်ပေးကာ ကွပ်မျက်

အီရန်အာဏာပိုင်များက ဆန္ဒပြသူတစ်ဦးကို လမ်းပိတ်ဆို့မှုနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်ကို ဒဏ်ရာရစေမှုတို့ဖြင့် သေဒဏ်ပေးကာ ကွပ်မျက်
ဒီဇင်ဘာ 9, 2022 | နိုင်ငံတကာသတင်း
By Mr John

အီရန်နိုင်ငံတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးထားစဥ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့မှုအပေါ် ဆန္ဒပြမှုများအတွင်း တီဟီရန်မြို့တော်ရှိ လမ်းတစ်ခုကို ပိတ်ဆို့မှုနှင့် လုံခြုံရေး အရန်တပ်ဖွဲ့ဝင်တစ်ဦးကို ဒဏ်ရာရစေမှုဖြင့် ဆန္ဒပြသူ အမျိုးသားတစ်ဦးကို ဒီဇင်ဘာလ (၈) ရက်နေ့က ကွပ်မျက်လိုက်ကြောင်း သိရသည်။ 

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက အီရန်အာဏာပိုင်များ၏ လုပ်ရပ်ကို ဟန်ပြတရားစီရင်မှုများအဖြစ် ရှုတ်ချကြသည်။

အီရန်နိုင်ငံတွင် အမျိုးသမီးများ ဦးခေါင်းကို ပါဝါခြုံထားရည့် စည်းမျဥ်းဖောက်ဖျက်မှုဖြင့် ရဲတပ်ဖွဲ့က အသက် (၂၂) နှစ်အရွယ် Masha Amini အမည်ရှိ ကာဒစ်-အီရန် အမျိုးသမီးကို ဖမ်းဆီးထိန်းသိမ်းထားစဥ် စက်တင်ဘာလ (၁၆) ရက်နေ့က သေဆုံးသွားခဲ့သည်။ 

ထိုဖြစ်ရပ်ကို အီရန်ပြည်သူများ ဒေါသထွက်ခဲ့ကြပြီး တစ်နိုင်ငံလုံးအနှံ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ အပြင်းအထန် ပေါ်ပေါက်လာပြီး ၁၉၇၉ ခုနှစ်တွင် အီရန်ကို အစ္စလာမ်မစ်သမ္မတနိုင်ငံအဖြစ် တည်ထောင်ခဲ့ပြီးနောက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့သည်။

 

Masha Amini သေဆုံးမှုအတွက် အီရန်အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုများ လက်ရှိအချိန်အထိ ဆက်လက်ရှိနေဆဲဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့များက အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ဆန္ဒပြမှုများအတွင်း ကလေး (၈၀) ဦး အပါအဝင် အနည်းဆုံး လူ (၄၅၀) သေဆုံးခဲ့ကြောင်း‌ နော်‌ဝေနိုင်ငံအခြေစိုက် Iran Human Rights (IHR) လူ့အခွင့်အရေးအုပ်စုက မကြာသေးမီက ပြောသည်။ 

ဆန္ဒပြမှုများအတွင်း လူ (၁၈,၀၀၀) ကျော် ဖမ်းဆီးခံခဲ့ရကြောင်းလည်း သိရသည်။

အီရန်အစိုးရသတင်းဌာန IRNA (Islamic Republic News Agency) က ကွပ်မျက်နှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရာတွင် စက်တင်ဘာလ (၂၅) ရက်‌‌နေ့တွင် Sattar Khann Boulevard လမ်းကို ပိတ်ဆို့ခဲ့ပြီး Basiji တပ်ဖွဲ့ဝင်တစ်ဦး၏ ဘယ်လက်မောင်းကို ဓားဖြင့်ထိုးခဲ့သည့် ဆူပူအုံကြွသူ Mohsen Shekari ကို ဒီဇင်ဘာလ (၈) ရက် နံနက်ပိုင်းက တီဟီရန်မြို့တွင် ကွပ်မျက်လိုက်ကြောင်း ဖော်ပြသည်။ 

ယခုကွပ်မျက်မှုမှာ အီရန်အာဏာပိုင်များက Masha Amini သေဆုံးမှုအတွက် ဆန္ဒပြသူတစ်ဦးကို ပထမဆုံးအကြိမ် ကွပ်မျက်မှုလည်းဖြစ်ကြောင်း သိရသည်။

Source: Reuters, AFP

Photo: WANA, [Riccardo De Luca - Anadolu Agency