ထိုင်းနိုင်ငံက နိုင်ငံခြားသားအလုပ်သမားများ အလုပ်လုပ်ခွင့်ပါမစ် သက်တမ်း ၂ နှစ် တိုးပေး

ထိုင်းနိုင်ငံက နိုင်ငံခြားသားအလုပ်သမားများ အလုပ်လုပ်ခွင့်ပါမစ် သက်တမ်း ၂ နှစ် တိုးပေး
By Mr John

 ထိုင်းနိုင်ငံတွင် မူလက ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့အထိ ခွင့်ပြုထားခဲ့သော တရားဝင် နိုင်ငံခြားသားအလုပ်သမား (၁.၇) သန်း၏ အလုပ် လုပ်ခွင့်ပါမစ်ကို နောက်ထပ် (၂) နှစ် သက်တမ်းတိုးမြှင့်လိုက်ကြောင်း သိရသည်။ 

အစိုးရအဖွဲ့က ရွှေ့ပြောင်းအလုပ်သမား (၁.၆၉) သန်းကို ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁၃) ရက်အထိ အလုပ် လုပ်ခွင့် ပါမစ်ပေးရန် ဇူလိုင်လ (၅) ရက်နေ့ကတည်းက  ခွင့်ပြုလိုက်ကြောင်း အလုပ်သမားဝန်ကြီး Suchart Chomklin က ပြောသည်။

ထိုအလုပ်သမားများအနက် အစိုးရအဖွဲ့က ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်း ခွင့်ပြုခဲ့သည့် အလုပ်သမား ၄၁၀,၀၀၀၊ ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ခွင့်ပြုခဲ့သည့် အလုပ်သမား ၉၃၀,၀၀၀ နှင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ခွင့်ပြုခဲ့သည့် အလုပ်သမား ၃၅၀,၀၀၀ တို့ ပါဝင်သည်။

 နိုင်ငံခြားသား အလုပ်သမားများမှာ စိုက်ပျိုးရေးနှင့် အေးခဲအစားအစာ အပါအဝင် အစားအစာထုတ်လုပ်မှု လုပ်ငန်းများတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေရာ ယခုစီမံဆောင်ရွက်မှုက စီးပွားရေးနာလန်ပြန်ထူမှကို အရှိန်မြှင့်တင်ရန် အကူအညီဖြစ်စေမည်ဟု ထိုင်းအစိုးရက မျှော်လင့်ထားသည်။

ထို့အတူ နိုင်ငံခြားသား အလုပ်သမားများမှာ ဆောက်လုပ်ရေးနှင့် ခရီးသွားလုပ်ငန်းတို့တွင်လည်း အဓိကကျသည်ဟု ဆိုသည်။ 

စီးပွားရေးကဏ္ဍ၏ လိုအပ်ချက်များကို ဖြည့်တင်းရန် အထူးစီမံဆောင်ရွက်ချက်များကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားဝန်ကြီးက ပြောသည်။ 

၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၁၃) ရက်အထိ အလုပ် လုပ်ခွင့်ပါမစ်ရရှိထားသော ရွှေ့ပြောင်းအလုပ်သမားများကို အုပ်စု (၂) ခု ခွဲသွားမည်ဟု အလုပ်အကိုင်ဌာန အထွေထွေညွှန်ကြားရေးမှူး Pairoj Chotikasathien က ဆိုသည်။

ပထမတစ်အုပ်စုတွင် ယခုနှစ် ဩဂုတ်လ (၁) ရက်နေ့၌ ဗီဇာသက်တမ်းကုန်ဆုံးမည့်သူများ ပါဝင်ပြီး ၎င်းတို့အတွက် ဗီဇာသက်တမ်းတိုး လျှောက်ထားမှုကို လာမည့်နှစ် ဖေဖေါ်ဝါရီလထိ ခွင့်ပြုသွားမည် ၎င်းကပြောသည်။ 

နောက်တစ်အုပ်စုတွင် ဩဂုတ်လ (၁) ရက်နေ့ နောက်ပိုင်းတွင် ဗီဇာသက်တမ်းကုန်ဆုံးမည့်သူများ ပါဝင်ပြီး ၎င်းတို့မှာ သက်တမ်းမကုန်ဆုံးမီ ဗီဇာသက်တမ်းတိုး လျှောက်ထားရမည်ဖြစ်သည်။

ဝန်ကြီးဌာန၏ စည်းမျဥ်းများအရ အလုပ်သမားများအနေဖြင့် ထိုင်းနိုင်ငံတွင် ဆက်လက် အလုပ်လုပ်ကိုင်လိုပါက အလုပ်သမားဝန်ကြီးဌာန၏ မှတ်ပုံတင်အရာရှိထံမှ ခွင့်ပြုချက်ရှိရမည်ဟု Pairoj Chotikasathien က ပြောသည်။

ထိုင်းကုန်သည်ကြီးများအသင်း၏ ဒုတိယဥက္ကဌ Poj Aramwattananont ၏ ပြောကြားမှုအရ အစိုးရက COVID-19 ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များ အားလုံးနီးပါးကို ရုပ်သိမ်းလိုက်သည့်နောက်ပိုင်း အလုပ်သမားလိုအပ်ချက် မြင့်တက်လာခဲ့ကြောင်း သိရသည်။ 

"ပြည်ပပို့ကုန်လုပ်ငန်း၊ ထုတ်လုပ်ရေး၊ ပြင်ဆင်ထုပ်ပိုးရေးနဲ့ ဆောက်လုပ်ရေးကနေ ခရီးသွားလုပ်ငန်းနဲ့ ဝန်ဆောင်မှုနဲ့ဆက်နွယ်တဲ့ ကဏ္ဍတွေအထိ ထိုင်းစီးပွားရေးတစ်ခုလုံးကို မောင်းနှင်ရာမှာ အလုပ်သမားက အဓိက စက်စက်ယန္တရားတစ်ခုလို့ ယူရပါတယ်" ဟု Poj Aramwattananont က ပြောသည်။

Source: Bangkok Post