မြို့ပျက်ပမာ ဖြစ်သွားသည့် ယူကရိန်းတို့၏ မာရီယူပိုးမြို့ ရုရှားထိန်းချုပ်မှုအောက်သို့ ကျရောက်သွား

Photo: REUTERS/Alexander Ermochenko/Igor Tkachenko
Photo: REUTERS/Alexander Ermochenko/Igor Tkachenko
မြို့ပျက်ပမာ ဖြစ်သွားသည့် ယူကရိန်းတို့၏ မာရီယူပိုးမြို့ ရုရှားထိန်းချုပ်မှုအောက်သို့ ကျရောက်သွား
By Mr John

မာရီယူပိုးမြို့ရှိ သံမဏိစက်ရုံထဲမှ ယူကရိန်းတပ်ဖွဲ့ဝင်များ ရွှေ့ပြောင်း၊ ရုရှားထိန်းချုပ်မှုအောက်သို့ မာရီယူပိုး ကျရောက်

မာရီယူပိုးမြို့ရှိ သံမဏိစက်ရုံထဲတွင် နောက်ဆုံးကျန်ရှိနေသည့် စစ်သားများကို ရွှေ့ပြောင်းနေပြီဖြစ်ကြောင်း ယူကရိန်းစစ်တပ်က မေလ (၁၇) ရက်တွင် ပြောကြားလိုက်ပြီး လနှင့်ချီကြာ ဗုံးကြဲတိုက်ခိုက်ခံနေခဲ့ရသည့် ထိုမြို့မှာ ရုရှားထိန်းချုပ်မှုအောက်သို့ အပြည့်အဝ ရောက်ရှိသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရထားသူများ အပါအဝင် ရာနှင့်ချီသည့် ယူကရိန်းတိုက်ခိုက်ရေးသမားတွေကို ရုရှားသိမ်းပိုက်ထားသည့် မြို့များသို့ ရွှေ့ပြောင်းပေးနေသည်။



ယခုအခြေအနေက ယူကရိန်းစစ်ပွဲတွင် အရှည်ကြာဆုံးနှင့် သွေးထွက်သံယိုအများဆုံး တိုက်ပွဲ၏ အဆုံးသတ်နှင့် ယူကရိန်းအတွက် သိသာထင်ရှားသည့် ရှုံးနိမ့်မှုတစ်ခုလည်း ဖြစ်သည်။

ရုရှားတပ်ဖွဲ့တွေက ဝိုင်းပတ်ပိတ်ဆို့ကာ လနှင့်ချီကာ အပြင်းအထန် တိုက်ခိုက်ခဲ့သည့် မာရီယူပိုးမြို့မှာ ယခုအခါ အကြီးအကျယ် ပျက်စီးနေပြီး ထိုမြို့တွင် လူဦးရေ ထောင်နှင့်ချီ သေဆုံးခဲ့ကြောင်း ယူကရိန်းက ပြောထားသည်။



မာရီယူပိုးတွင် ရုရှားထိန်းချုပ်မှုအောက် မရောက်ရှိသေးသည့် Azovstal သံမဏိစက်ရုံကြီး၏ မြေအောက်နေရာများတွင် အစောပိုင်းက ရာနှင့်ချီသည့် ယူကရိန်းစစ်သားများနှင့် အရပ်သားများ ရှိနေခဲ့ကြသည်။

ထို့နောက် မကြာသေးမီ သီတင်းပတ်များအတွင်း စက်ရုံကြီးထဲမှ အရပ်သားများကို ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့တို့၏ ဦးဆောင်မှုဖြင့် ရွှေ့ပြောင်းပေးခဲ့ပြီး ဖြစ်သည်။



စက်ရုံထဲတွင် ယူကရိန်းတပ်ဖွဲ့ဝင် ရာနှင့်ချီ ကျန်ရှိနေပြီး အချို့မှာ ဒဏ်ရာရထားကြသည်။ မေလ (၁၆) ရက် နှောင်းပိုင်းတွင်မူ ၎င်းတို့ကို စက်ရုံထဲကနေ ရုရှားထိန်းချုပ်ရာ နယ်မြေများသို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။

"မာရီယူပိုး မြို့စောင့်တပ်က တိုက်ပွဲမစ်ရှင် ပြီးမြောက်ခဲ့ပါပြီ" ဟု ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ၏ အကြီးအကဲက ထုတ်ပြန်ချက်တစ်ခုတွင် ပြောထားသည်။



"စစ်ဘက်အမှုထမ်းတွေနဲ့ မာရီယူပိုးကို ခုခံကာကွယ်သူတွေရဲ့အသက်ကိုကယ်ဖို့ စစ်ဦးစီးချုပ်က Azovstal စက်ရုံမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့တွေရဲ့ သက်ဆိုင်ရာတပ်မှူးတွေကို အမိန့်ပေးထားပါတယ်။ သူတို့က ကျွန်ုပ်တို့ခေတ်ရဲ့ သူရဲကောင်းတွေ ဖြစ်ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး Anna Malyar ၏ ပြောကြားမှုအရ Azovstal သံမဏိစက်ရုံထဲမှ ဒဏ်ရာရ စစ်သား (၅၃) ဦးကို ရုရှားထိန်းချုပ်ထားသည့် Novoazovsk မြို့ရှိ ဆေးရုံတစ်ရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။



စက်ရုံထဲရှိ နောက်ထပ် ယူကရိန်းတပ်ဖွဲ့ဝင် (၂၁၁) ဦးကို ရုရှားလိုလားသည့် ခွဲထွက်ရေးသမားများ ထိန်းချုပ်ထားရာ နယ်မြေတစ်ခုရှိ Olenivka မြို့သို့ ခေါ်ဆောင်သွားသည်ဟု ဆိုသည်။

သံမဏိစက်ရုံမှ ရွှေ့ပြောင်းခဲ့သူ အားလုံးကို ဖြစ်နိုင်ခြေရှိသည့် ရုရှားနှင့် အကျဥ်းသားလဲလှယ်ရာတွင် စာရင်းထည့်သွင်းသွားမည်ဟု Anna Malyar က ပြောသည်။

Azovstal သံမဏိစက်ရုံထဲတွင် ယူကရိန်းတပ်ဖွဲ့ဝင် (၆၀၀) ခန့် ရှိနေခဲ့သည်ဟု ယူဆရသည်။

စက်ရုံထဲတွင် ကျန်ရှိနေသေးသည့် တပ်ဖွဲ့ဝင်တွေကို ရွှေ့ပြောင်းပေးရန် လုပ်ဆောင်နေကြောင်း ယူကရိန်းစစ်တပ်က ပြောထားသည်။



မာရီယူပိုးကို သိမ်းပိုက်ရန်မှာ ရုရှားတပ်ဖွဲ့တွေအတွက် အရေးကြီးပြီး ခရိုင်မီးယားနှင့် ဒွန်ဘတ်စ်ဒေသကြား ဆက်သွယ်သွားလာရေး လမ်းကြောင်းရရှိမည် ဖြစ်သည်။

ထို့အတူ ယူကရိန်း၏ ပင်လယ်နက်ကမ်းရိုတန်း (၈၀) ရာခိုင်နှုန်းကျော်ကို အပြည့်အဝ ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။

သို့သော် မာရီယူပိုးကို သိမ်းပိုက်နိုင်ရန် ရုရှားတပ်ဖွဲ့တွေက အကြီးအကျယ် တိုက်ခိုက်နေခဲ့ရာ မြို့၏ (၉၀) ရာခိုင်နှုန်းကျော်မှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။



Source: Reuters