ဂျပန်နိုင်ငံ အစွန်အဖျားရှိ မြို့ငယ်လေးတွင် ဝက်ဝံအသားကို အလိုအလျောက် အရောင်းစက်ဖြင့် ရောင်းချ

Photo: REUTERS
Photo: REUTERS
ဂျပန်နိုင်ငံ အစွန်အဖျားရှိ မြို့ငယ်လေးတွင် ဝက်ဝံအသားကို အလိုအလျောက် အရောင်းစက်ဖြင့် ရောင်းချ
By Mr John

ဂျပန်နိုင်ငံ အစွန်းအဖျားရှိ မြို့ငယ်လေးတွင် ဝက်ဝံအသားကို အလိုအလျောက် ရောင်းချပေးသည့်စက်ဖြင့် ရောင်းချလျက်ရှိသည်။ 

အကောင်ရေ လျော့နည်းလာမှုကြောင့် မျိုးသုဥ်းမည့်အန္တရာယ်ရှိစာရင်းဝင်သော အာရှဝက်ဝံနက်များ၏ အသားကို ထိုသို့ အရောင်းစက်ဖြင့် ရောင်းချနေခြင်းဖြစ်ပြီး ဝက်ဝံများကို ထောင်ချောက်များဆင်ခြင်း သို့မဟုတ် တောင်တန်းများတွင် မုဆိုးများက အမဲလိုက်ခြင်းဖြင့် ဖမ်းဆီရရှိနေကြောင်း သိရသည်။

ဂျပန်နိုင်ငံ ကျေးလက်ဒေသများတွင် ဝက်ဝံတိုက်ခိုက်မှုများမှာ ကြီးထွားလာသည့် ပြဿနာတစ်ရပ် ဖြစ်နေသည်။ 

ဝက်ဝံများမှာ တောတဲတွင် အစားအစာပြတ်လပ်မှုကြောင့် လူနေဒေသများသို့ အစာရှာထွက်ကြရာမှ ထိုပြဿနာဖြစ်လာသည်ဟု ဆိုသည်။ .

"ဝက်ဝံတွေက မြို့ထဲရောက်လာချိန်မှာ သူတို့က အန္တရာယ်ရှိနိုင်ပါတယ်။ 

ဒါကြောင့် မုဆိုးတွေက ထောင်ချောက်တွေဆင်မယ် ဒါမှမဟုတ် သူတို့ကို သေနတ်နဲ့ပစ်မယ်" ဟု ၎င်း၏ခေါက်ဆွဲဆိုင် အပြင်ဘက်တွင် ဝက်ဝံအသား အရောင်းစက်ထားရှိသူ Daishi Sato က ပြောသည်။

Daishi Sato ၏ ခေါက်ဆွဲဆိုင်မှာ တိုကျိုမြို့၏ မြောက်ဘက် မိုင် (၂၅၀) အကွာ Akita စီရင်စု၏ Semboku မြို့ ရထားဘူတာရုံအနီးတွင် ဖြစ်သည်။ 

အာရှဝက်ဝံနက်များကို မျိုးသုဥ်းမည့် အန္တရာယ်ရှိစာရင်းတွင် ထည့်သွင်းသတ်မှတ်ထားသော်လည်း ဂျပန်နိုင်ငံတွင် ထိုဝက်ဝံအသားကို စားသုံးမှုမှာ တရားဝင်ဖြစ်ကြောင်း သိရသည်။ 

ထောင်ချောက်တွင် ဖမ်းမိသည့် ဝက်ဝံ၏အသားမှာ သွေးများ ချက်ချင်းထွက်သွားခြင်းကြောင့် အရသာပိုရှိကြောင်း Sato က ဆိုသည်။

ဂျပန်နိုင်ငံတဝန်းတွင် အချိုရည်များ၊ အဆာပြေမုန့်များနှင့် ခွဲခန်းသုံး mask များမှစ၍ စားသုံးရန်သင့်လျော်သည့် ပိုးကောင်များနှင့် ဝေလငါးအသားအထိ အလိုအလျောက် အရောင်းစက်များဖြင့် ရောင်းချလျက်ရှိသည်။ 

"ဝက်ဝံအသားကတော့ သိပ်မတွေ့ရဘူးလေ။ ဒါကြောင့် ခရီးသွားတွေ ကျွန်တော်တို့မြို့ကို ဝက်ဝံအသားဝယ်ဖို့ လာရောက်ကြပါလို့ ဖိတ်ခေါ်ချင်ပါတယ်" ဟု Sato က ပြောသည်။

၎င်း၏အရောင်းစက်တွင် ပျမ်းမျှတစ်ပတ်အတွင်း ဂျပန်ယန်းငွေ (၂,၂၀၀) (အမေရိကန်ဒေါ်လာ ၁၆.၇၅) တန် ဝက်ဝံအသားထုပ် (၇) ထုပ်မှ (၁၀) ထုပ် ရောင်းချရကြောင်းနှင့် တစ်ထုပ်လျှင် အသားပမာဏ (၂၅၀) ဂရမ် ပါဝင်ကြောင်း သိရသည်။ 

ဂျပန်နိုင်ငံတွင်း ၂၀၂၂ ခုနှစ်အတွင်း ဝက်ဝံများနှင့်တွေ့ပြီး တိုက်ခိုက်ခံရမှုကြောင့် လူ (၂) ဦး သေဆုံးကာ (၇၅) ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် ဝက်ဝံတိုက်ခိုက်မှုကြောင့် သေဆုံးသူတစ်ဦးမှာ Akita စီရင်စုမှဖြစ်ကြောင်း အစိုးရအချက်အလက်များက ဖော်ပြသည်။ 

Source: Reuters