အိန္ဒိယကြိုးတံတား ပြိုကျမှုအတွင်း သေဆုံးသူ (၁၄၁)ဦးတွင် မိသားစုတစ်ခုတည်းမှ မိသားစုဝင် (၇) ဦးလည်း ပါဝင်

အိန္ဒိယကြိုးတံတား ပြိုကျမှုအတွင်း သေဆုံးသူ (၁၄၁)ဦးတွင် မိသားစုတစ်ခုတည်းမှ မိသားစုဝင် (၇) ဦးလည်း ပါဝင်
နိုဝင်ဘာ 1, 2022 | နိုင်ငံတကာသတင်း
By Mr John

အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ် Morbi မြို့တွင် အောက်တိုဘာလ (၃၀) ရက်နေ့က ဖြစ်ပွားခဲ့သည့် လူကူးကြိုးတံတား ပြိုကျမှုအတွင်း မိသားစုတစ်ခုတည်းမှ မိသားစုဝင် (၇) ဦး သေဆုံးခဲ့သည်။ 

Jadeja မိသားစုမှာ ဘုရားကျောင်းတစ်ခုမှ ပြန်လာကြစဥ် ကလေးများက ကြိုးတံတားပေါ် လိုက်ပို့ပေးရန် ပြောခဲ့ကြရာမှ မိသားစုဝင် (၇) ဦး တံတားပေါ်သို့ ရောက်ရှိနေခဲ့ကြခြင်း ဖြစ်သည်။

တံတားပြိုကျမှုကြောင့် အောက်တိုဘာလ (၃၁) ညပိုင်းအထိ လူ (၁၄၁) ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက အတည်ပြုထားသည်။ 

အနည်းဆုံး လူ (၁၇၇) ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်းနှင့် ပျောက်ဆုံးနေသူများကို ဆက်လက် ရှာဖွေနေပြီး သေဆုံးသူအရေအတွက် တိုးလာနိုင်သေးကြောင်း သိရသည်။

 Jadeja မိသားစုဝင် (၇) ဦးမှာလည်း သေဆုံးသူများတွင် ပါဝင်ခဲ့ကြောင်း Jadeja ညီအစ်ကို (၂) ဦးဖြစ်သည့် Pratapsinh နှင့် Pradyumansinh တို့၏ ဝမ်းကွဲညီအစ်ကို Kanaksinh Jadeja က ပြောသည်။

တံတားပြိုကျမှုအတွင်း Pratapsinh နှင့် Pradyumansinh ညီအစ်ကို (၂) ဦး၏ မိခင်၊ ဇနီးသည်များနှင့် ကလေး (၄) ဦး သေဆုံးခဲ့သည်။ 

တံတားပြိုကျမှုဖြစ်ပွားစဥ်က ထိုညီအစ်ကို (၂) ဦးမှာ Morbi မြို့ငယ်လေးရှိ ၎င်းတို့ဖွင့်လှစ်ထားသည့် ဟိုတယ်တွင် ရောက်ရှိနေခဲ့ကြသော်လည်း ည (၈) နာရီခန့်တွင် နေအိမ်ပြန်သို့ ပြန်ရောက်စဥ် တံခါးသော့ပိတ်ထားသည်ကို တွေ့ရပြီးနောက် တစ်ခုခုလွဲနေပြီဆိုသည်ကို သိရှိခဲ့ကြခြင်း ဖြစ်သည်။

"မိသားစုဝင်တွေရဲ့ ဖုန်းတွေကို ဆက်လို့မရခဲ့ဘူး။ တစ်ခုခုမှားနေပြီဆိုတာ သူတို့ သိလိုက်ကြတယ်။ အဲဒီနောက် တံတားပြိုကျတဲ့အကြောင်း သူတို့ ကြားခဲ့တာပဲ" ဟု Kanaksinh Jadeja က ပြောသည်။ 

ဗြိတိသျှကိုလိုနီခေတ် (၁၉) ရာစုနှစ်က Machchhu မြစ်ပေါ်တွင် ဆောက်လုပ်ခဲ့သည့် အရှည် (၇၅၄) ပေရှိ ထိုကြိုးတံတားကို ပြုပြင်ထိန်းသိမ်းရန် ယခုနှစ် မတ်လမှစပြီး ပိတ်ထားခဲ့ရာမှ ပြန်ဖွင့်ခဲ့ပြီး ရက်ပိုင်းမျှအကြာတွင် ပြိုကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ (၃၀) ရက် ဒေသစံတော်ချိန် ညနေ (၆) နာရီ (၂၀) မိနစ်ခန့်က ပြိုကျခဲ့စဥ် ထိုကြိုးတံတားပေါ်တွင် ရှုခင်းကြည့်သူ (၄၀၀) ခန့်ရှိနေသည်ဟု ဆိုသည်။  

ဒီပါဝါလီပွဲတော်ကာလဖြစ်သဖြင့် တံတားပေါ်တွင် လူများပြည့်နေခဲ့သည်ဟု အစိုးရတာဝန်ရှိသူများက ပြောသည်။ 

ဂူဂျာရတ်ပြည်နယ်အစိုးရက ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်းနှင့် ရဲတပ်ဖွဲ့က လူ (၉) ဦးကို ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းနေကြောင်း သိရသည်။

Source: Reuters, BBC

Photo: REUTERS/Stringer, BBC, NANDAN DAVE/ANADOLU AGENCY, SAM PANTHAKY/AFP,