ယူကရိန်းကို တိုက်ခိုက်ရန် ရုရှားက အီရန်လုပ် တိုက်ခိုက်ရေး ဒရုန်းများ ရာနှင့်ချီ လက်ခံရရှိခဲ့ကြောင်း အမေရိကန်ပြော

ယူကရိန်းကို တိုက်ခိုက်ရန် ရုရှားက အီရန်လုပ် တိုက်ခိုက်ရေး ဒရုန်းများ ရာနှင့်ချီ လက်ခံရရှိခဲ့ကြောင်း အမေရိကန်ပြော
By Mr John

 ရုရှားက အီရန်နှင့် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုလုပ်ဆောင်လာပုံရကြောင်းနှင့် ယူကရိန်းကို တိုက်ခိုက်ရန် အီရန်လုပ် တိုက်ခိုက်ရေး ဒရုန်းများ ရာနှင့်ချီ လက်ခံရရှိထားကြောင်း အမေရိကန်သမ္မတအိမ်ဖြူတော်က ၂၀၂၃ခုနှစ် ဇွန်လ (၉) ရက်နေ့တွင် ပြောသည်။ 

အီရန်တွင် တည်ဆောက်ထုတ်လုပ်ထားသော ဒရုန်းများ သို့မဟုတ် Uncrewed Aerial Vehicles (UAVs) ကို ကက်စ်ပီယန်ပင်လယ်ကိုဖြတ်၍ ပို့ဆောင်ခဲ့ပြီး ရုရှားတပ်ဖွဲ့များက ယူကရိန်းကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့ကြောင်း အိမ်ဖြူတော်က ဆိုသည်။

"မကြာသေးမီက ကိဗ်မြို့နှင့် ယူကရိန်း လူနေဒေသတွေကို တိုက်ခိုက်ရာမှာ ရုရှားက အီရန်လုပ် UAVS တွေ အသုံးပြုခဲ့တယ်။ ရုရှား-အီရန် စစ်ရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းလာပုံရတယ်" ဟု အိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် John Kirby က ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

အီရန် UAVs များကို ရုရှားနိုင်ငံအတွင်း ထုတ်လုပ်ရန် ရုရှားနှင့်အီရန် ပူးပေါင်းလုပ်ဆောင်နေမှုကိုလည်း စိုးရိမ်ပူပန်ကြောင်း ၎င်းကဆိုသည်။

ရုရှားက ဒရုန်းထုတ်လုပ်ရေး စက်ရုံတစ်ရုံ တည်ဆောက်ရန် လိုအပ်သော ပစ္စည်းများကို အီရန်ထံကနေ လက်ခံရယူနေကြောင်း အမေရိကန်က သတင်းအချက်အလက် ရရှိထားပြီး ၂၀၂၄ ခုနှစ် အစောပိုင်းတွင် စက်ရုံကို အပြည့်အဝ လည်ပတ်နိုင်ကြောင်း Kirby က ပြောသည်။ 

အီရန်နှင့် ရုရှားတို့ကြား အပြန်အလှန် ထောက်ပံ့နေကြကြောင်းနှင့် အီရန်က ရုရှားထံမှ ဒေါ်လာဘီလီယံနှင့်ချီ တန်ဖိုးရှိသော ရဟတ်ယာဥ်များနှင့် ရေဒါများ အပါအဝင် စစ်တပ်အသုံးအဆောင်များ ဝယ်ယူရရှိရန် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

"ရုရှားက အီရန်နှင့် မကြုံစဖူး စစ်ရေးပူးပေါင်းဆောင်ရွက်မှု လုပ်နေတယ်။ ဒုံးကျည်၊ အီလက်ထရောနစ်နဲ့ လေကြောင်းကာကွယ်ရေးစနစ်တွေ အပါအဝင်ပေါ့" ဟု အရေိကန်သမ္မတအိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Kirby က ပြောသည်။ 

တိုက်ခိုက်ရေး ဒရုန်းများ လွှဲပြောင်းပေးပို့ခြင်းမှာ ကုလသမဂ္ဂ စည်းမျဥ်းများကို ချိုးဖောက်ရာရောက်ပြီး အီရန်နှင့်ရုရှား နှစ်နိုင်ငံကို တာဝန်ခံမှုရှိရန် အမေရိကန်က ကြိုးပမ်းသွားမည်ဟု ဆိုသည်။

အီရန်လုပ် ဒရုန်းများ ရုရှားသို့ ထောက်ပံ့ပေးပို့ခြင်းက အီရန်နျူကလီးယားသဘောတူညီချက်နှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အမေရိကန်နှင့် ယူကရိန်းတို့က ပြောသည်။ ၂၁၀၅ ခုနှစ် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က လက်နက်များ ရောင်းချခြင်းမပြုရန် အီရန်နိုင်ငံကို တားမြစ်ပိတ်ပင်ထားသည်။

 

Source: Reuters