အမေရိကန်သမ္မတဘိုင်ဒန်က ယူကရိန်းသို့ ကြိုတင်ကြေညာထားခြင်းမရှိသည့် ခရီးစဥ်သွားရောက်ပြီး အားပေးထာက်ခံမှုကို ပြသ

Photo: Reuter
Photo: Reuter
အမေရိကန်သမ္မတဘိုင်ဒန်က ယူကရိန်းသို့ ကြိုတင်ကြေညာထားခြင်းမရှိသည့် ခရီးစဥ်သွားရောက်ပြီး အားပေးထာက်ခံမှုကို ပြသ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်း-ရရှားစစ်ပွဲ တစ်နှစ်မပြည့်မီ ရက်ပိုင်းမျှအလိုတွင် ယူကရိန်းနိုင်ငံသို့ ကြိုတင်ကြေညာထားခြင်းမရှိသည့် ခရီးစဥ်အဖြစ် သွားရောက်ခဲ့ပြီး အမေရိကန်၏ အားပေးထာက်ခံမှုကို ပြသလိုက်သည်။ 

အမေရိကန်က အချိန်မည်မျှကြာသည်ဖြစ်စေ ရုရှားကို ခုခံတိုက်ခိုက်နေသည့် ယူကရိန်းနှင့်အတူ ရပ်တည်သွားမည်ဟု ဘိုင်ဒန်က ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးကို ကတိပြုခဲ့သည်။

အမေရိကန်သမ္မတဘိုင်ဒန် ယူကရိန်းသို့ရောက်ရှိနေစဥ် ကိဗ်မြို့တော်တဝန်း လေကြောင်းရန် အချက်ပေးဥဩသံများ ထွက်ပေါ်ခဲ့သော်လည်း ရုရှားဘက်က ဒုံးကျည်ဖြင့်တိုက်ခိုက်မှု သို့မဟုတ် လေကြောင်းတိုက်ခိုက်မှုများ မရှိခဲ့ဟု ဆိုသည်။ 

အမေရိကန်သမ္မတ၏ ခရီးစဥ်က ယူကရိန်းအားလုံးအတွက် အလွန်အရေးပါသည့် အားပေးထောက်ခံမှု သင်္ကေတတစ်ခုဖြစ်ကြောင်း သမ္မတဇီလန်းစကီးက ပြောသည်။

ယခုခရီးစဥ်အတွင်း တာဝေးပစ်လက်နက်များကိစ္စ အမေရိကန်သမ္မတဘိုင်ဒန်နှင့် ဆွေးနွေးခဲ့ကြောင်းလည်း ယူကရိန်းသမ္မတက ဆိုသည်။ 

အမေရိကန်သမ္မတအိမ်ဖြူတော်၏ ပြောကြားမှုအရ သမ္မတဘိုင်ဒန်က ခရီးစဥ်အတွင်း ရုရှားအပေါ် နောက်ထပ် ပိတ်ဆို့ဒဏ်ခတ်မှုများနှင့် အမြောက်ဆန်များ၊ သံချပ်ကာယာဥ်ဖျက်ဆီးရေးစနစ်များနှင့် လေကြောင်းစောင့်ကြည့်မှုရေဒါများ အပါအဝင် ယူကရိန်းအတွက် ဒေါ်လာ သန်း (၅၀၀) တန်ဖိုးရှိ စစ်ရေးအကူအညီများကို ကြေညာသွားမည်ဟု သိရသည်။

ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့မှု တစ်နှစ်ပြည့်မြောက်မည့် ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့တွင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အဓိက မိန့်ခွန်းတစ်ရပ် ပြောကြားရန်ရှိနေပြီး ထိုရက်မတိုင်မီ အမေရိကန်သမ္မတဘိုင်ဒန်က ယူကရိန်းသို့ ကြိုတင်ကြေညာမထားဘဲ သွားရောက်ခဲ့ခြင်းလည်း ဖြစ်သည်။ 

စစ်ပွဲကာလ တစ်နှစ်တင်းတင်းပြည့်မြောက်တော့မည့် လက်ရှိ သီတင်းပတ်များအတွင်း ရုရှားက ထိုးစစ်ဆင်မှုအသစ်များ လုပ်ဆောင်နေပြီး ယူကရိန်းကလည်း အမေရိကန်နှင့် အနောက်အုပ်စုနိုင်ငံများထံမှ စစ်လက်နက်ပစ္စည်း အကူအညီများ အလျင်အမြန် ပေးပို့ရန် တောင်းဆိုထားရာ စစ်ပွဲအရှိန် ပိုမိုမြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားကြသည်။

Source: Reuters, CNA