ကျူးကျော်စစ်အတွင်း ယူကရိန်းတောင်ပိုင်းနှင့် ဒွန်ဘတ်စ်ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ရုရှားက စီစဥ်ထားဟုဆို

Photo: REUTERS/Alexander Ermochenko/Igor Tkachenko
Photo: REUTERS/Alexander Ermochenko/Igor Tkachenko
ကျူးကျော်စစ်အတွင်း ယူကရိန်းတောင်ပိုင်းနှင့် ဒွန်ဘတ်စ်ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ရုရှားက စီစဥ်ထားဟုဆို
By Mr John

ယူကရိန်းတောင်ပိုင်းနှင့် ဒွန်ဘတ်စ်ဒေသကို အပြည့်အဝ ထိန်းချုပ်ရန် ရုရှားက စီစဥ်ထားဟုဆို

ရုရှားနိုင်ငံက ၎င်း၏ အထူးစစ်ဆင်ရေးဟု ရည်ညွန်းထားသည့် ယူကရိန်းကို ကျူးကျော်မှုတွင် အရှေ့ပိုင်းရှိ ဒွန်ဘတ်စ်ဒေသနှင့် တောင်ပိုင်းနယ်မြေတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ရန် စီစဥ်ထားကြောင်း ရုရှားစစ်တပ်မှ ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ပြောသည်။

မော်လ်ဒိုဗာနိုင်ငံအတွင်း ယူကရိန်းနယ်စပ်ရှိ ခွဲထွက်ရေးသမားများ ထိန်းချုပ်နယ်မြေ Transnistria သို့ လမ်းကြောင်းတစ်ခုဖွင့်ရန်ဖြစ်ကြောင်း ရုရှားဗိုလ်ချုပ်ကြီး Rustam Minnekayev က ထုတ်ပြန်ပြောကြားကြောင်း ရုရှားသတင်းဌာနများက ဖော်ပြသည်။



အဆိုပါ ဗိုလ်ချုပ်ကြီး၏ ထုတ်ပြန်ချက်မှာ ယူကရိန်းကို ကျူးကျော်စစ်ဆင်နေသည့် ရုရှား၏ နောက်ဆုံးရည်မှန်းချက်များနှင့် ပတ်သက်ပြီး အသေးစိတ်အကျဆုံး ပြောဆိုမှုတစ်ခုလည်း ဖြစ်သည်။

Minnekayev က မြို့အမည်များကို ထည့်သွင်းပြောကြားထားခြင်းမရှိသော်လည်း ယူကရိန်းတောင်ပိုင်းရှိ အဓိက ယူကရိန်းမြို့ကြီးနှစ်မြို့ဖြစ်သည့် Odesa နှင့် Mykolayiv တို့မှာ ယူကရိန်း၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။



ရုရှားသတင်းဌာနများဖြစ်သည့် Interfax နှင့် TASS တို့က ဗိုလ်ချုပ်ကြီး Minnekayev ပြောကြားချက်ကို သတင်းဖော်ပြထားသည်ဟု ဆိုသည်။

ယူကရိန်းတောင်ပိုင်းကို အပြည့်အဝ ထိန်းချုပ်လိုက်ပါက ရုရှားအနေဖြင့် မော်လ်ဒိုဗာရှိ ရုရှားလိုလားသော ခွဲထွက်ရေးနယ်မြေ Transdniestria သို့ သွားလာရေးလမ်းကြောင်း ပိုမိုကောင်းမွန်လာမည်ဟု ဗိုလ်ချုပ်ကြီးကို ကိုးကားပြီး Interfax နှင့် TASS တို့က ဖော်ပြသည်။



ယူကရိန်းဘက်ကလည်း ရုရုားတပ်ဖွဲ့တွေက Transdniestria နယ်မြေကို ခြေကုပ်ယူပြီး နောက်ထပ် တိုက်ခိုက်မှုအသစ်များ လုပ်ဆောင်လာမည်ကို စိုးရိမ်ပူပန်နေသည်။

ဖေဖေါ်ဝါရီ (၂၄) ရက်တွင် ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့မှုနှင့်အတူ ယခုစစ်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ယူကရိန်းမှ ထွက်ပြေးကြရသည့် စစ်ဘေးရှောင်ဦးရေ ၅ သန်းကျော် (၅,၁၃၃,၇၄၇) ရှိပြီဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး United Nations High Commissioner for Refugees (UNHCR) က ဧပြီ (၂၂) ရက်တွင် ပြောသည်။



Source: BBC, Reuters

Photo: REUTERS/Alexander Ermochenko/Igor Tkachenko