စားနပ်ရိက္ခာ ပေါကြွယ်ဝစေရန် မြို့တော်ဝန်က မိကျောင်းမလေးကို လက်ထပ်

စားနပ်ရိက္ခာ ပေါကြွယ်ဝစေရန် မြို့တော်ဝန်က မိကျောင်းမလေးကို လက်ထပ်
ဇူလိုင် 5, 2022 | နိုင်ငံတကာသတင်း
By Mr John

မက္ကစီကိုတွင် ရှေးရိုးရာထုံးထမ်းစဥ်လာအရ စားနပ်ရိက္ခာပေါကြွယ်ဝစေရန် မြို့တော်ဝန်က မိကျောင်းကို လက်ထပ်

မက္ကစီကိုနိုင်ငံရှိ မြို့ငယ်လေးတစ်မြို့၏ မြို့တော်ဝန်က ၎င်း၏ မိကျောင်းသတို့သမီးကို အရောင်အသွေးစုံ ပြင်ဆင်ထားသည့် မင်္ဂလာပွဲအခမ်းအနားတစ်ခုဖြင့် လက်ထပ်ခဲ့ပြီး ရိုးရာဂီတသံများနှင့်အတူ ဧည့်ပရိသတ်များက ကခုန်ခဲ့ကြသည်။ 

ဌာနေတိုင်းရင်းသားခေါင်းဆောင် မြို့တော်ဝန်က မိကျောင်းငယ်ကို အနမ်းပေးလျက် မင်္ဂလာပွဲဆင်နွှဲခဲ့သည်ဟု ဆိုသည်။

ဇွန်လ (၃၀) ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် မင်္ဂလာပွဲအတွင်း San Pedro Huamelula မြို့ငယ်လေး၏ မြို့တော်ဝန် ဗစ်တာဟူဂိုဆိုဆာကို မိကျောင်းငယ်၏ နှုတ်သီးကို အနမ်းပေးရန် ဧည့်ပရိသတ်က တစ်ကြိမ်မက တောင်းဆိုခဲ့ကြသည်။

 မိကျောင်းသတို့သမီး၏ နှုတ်သီးကိုမူ မလိုလားအပ်သည့် ကိုက်ခြင်းမရှိစေရန် ချည်နှောင်ထားသည်ဟု ဆိုသည်။ 

ယခုကဲ့သို့ မိကျောင်းနှင့်လက်ထပ်ခြင်းမှာ လွန်ခဲ့သော ရာစုနှစ်များကတည်းက Oaxaca ပြည်နယ်၏ Chontal နှင့် Huave ဌာနေတိုင်းရင်းသားတို့ကြား ရှိခဲ့နိုင်ပြီး သဘာဝတရားထံမှ ဆုလာဘ်တောင်းခံမှုတစ်ခုကဲ့သို့ဖြစ်ကြောင်း သိရသည်။

လုံလောက်သည့် မိုးရွာသွန်းမှုရှိရန်၊ စားနပ်ရိက္ခာဖူလုံရန် သဘာဝတရားကိုထံ တောင်းခံကြကြောင်း Oaxaca ပြည်နယ်၏ ပစိဖိတ်ကမ်းရိုးတန်းရှိ မြို့ငယ်လေး၏ မြို့တော်ဝန်က ဆိုသည်။ 

ဆင်းရဲနွမ်းပါးသည့် မက္ကစီကိုတောင်ပိုင်းတွင်ရှိသော Oaxaca ပြည်နယ်မှာ ဌာနေတိုင်းရင်းသားယဥ်ကျေးမှု အထွန်းကားဆုံးနှင့် ၎င်းတို့၏ ဘာသာစကားနှင့် ရိုးရာအစဥ်အလာများကို အခိုင်အမာ ထိန်းသိမ်းထားသည့် ဌာနေတိုင်းရင်းသားအုပ်စု အများအပြား နေထိုင်ကြသည်။

San Pedro Huamelula မြို့ငယ်လေးတွင် ကျင်းပပြုလုပ်သည့် ရှေးရိုးရာထုံးထမ်းစဥ်လာ မင်္ဂလာပွဲမှာ ယခုအခါ ကက်သလစ်ဘာသာရေးနှင့် ရောယှက်ထားပြီး မိကျောင်းသတို့သမီးကို အဖြူရောင် မင်္ဂလာဝတ်စုံနှင့်အတူ ရောင်စုံအသွေးစုံ အဝတ်အထည်များ ဝတ်ဆင်ပေးထားသည်။ 

အသက် (၇) နှစ်အရွယ် ထိုမိကျောင်းငယ်ကို မိခင်ကမ္ဘာမြေကို ကိုယ်စားပြုသော နတ်သမီးတစ်ပါးဖြစ်သည်ဟု ယုံကြည်ထားပြီး သူမနှင့် ဒေသဆိုင်ရာခေါင်းဆောင်တို့ လက်ထပ်ခြင်းက လူသားနှင့် နတ်သမီးတို့ ပေါင်းစည်းခြင်းသင်္ကေတဟု ဆိုသည်။

Source: Reuters

Photo: REUTERS/Jose de Jesus Cortes