တာချီလိတ်ကျန်းမာရေးဌာန၏ ART ဆေးထုတ်ပေးသည့်နေရာတွင် ဆေးလာထုတ်သည့် လူနာများ ခွဲခြားဆက်ဆံခံနေရပြီး အဆင်မပြေမှုများ ဖြစ်နေ

တာချီလိတ်ကျန်းမာရေးဌာန၏ ART ဆေးထုတ်ပေးသည့်နေရာတွင် ဆေးလာထုတ်သည့် လူနာများ ခွဲခြားဆက်ဆံခံနေရပြီး အဆင်မပြေမှုများ ဖြစ်နေ

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ကျန်းမာရေးဌာန၏ ART ဆေးထုတ်ပေးသည့်နေရာတွင် ကျန်းမာရေးဝန်ထမ်းက ဆေးလာထုတ်ယူသည့် လူနာများအပေါ် ခွဲခြား ဆက်ဆံမှုများရှိနေပြီး လူနာများအကြား အဆင်မပြေမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

"ကျွန်တော်က HIV ပိုးရှိလို့ ART ဆေးသောက်နေရတာ ကြာပါပြီ။ အရင်ကလည်း ဒီမြို့မှာဘဲ ဆေးထုတ်တာပါ။ အရင် ခေတ်ကောင်းတုန်းကတော့ ဆေးထုတ်တာလည်း အဆင်ပြေတယ်။ တစ်ခါသွားထုတ်ရင် (၃)လစာ၊ (၆)လစာ အဲ့လိုတွေ ရခဲ့တယ်။ ဆရာဝန်တွေ ဝန်ထမ်းတွေကလည်း နွေးနွေးထွေးထွေး ဆက်ဆံပေးသလို သွေးလည်း ပုံမှန် စစ်ပေးတယ်။ အခု အခြေအနေကတော့ အတော့်ကို ဆိုးဆိုးရွားရွားဖြစ်နေတယ်။ ဆေးထုတ်ပေးတဲ့ ဆရာမ တစ်ယောက်ပဲရှိတယ်။ အဲ့ဆရာမက အင်မတန် မောက်မာတယ်။ ကျွန်တော်တို့လို လူနာတွေဆိုတာ တခြားရောဂါ ဝေဒနာရှင်တွေနဲ့ မတူပါဘူးဗျာ။ ထိလွယ်ရှလွယ်ကြတယ် ကျွန်တော်တောင် တော်တော်ကြာမှ ပြောရဲ ဆိုရဲ လူကြားထဲ သွားရဲလာသူပါ။"ဟု ဆေးသွားထုတ်လာသည့် အမျိုးသားတစ်ဦးက Tachileik News Agency သို့ ၂၀၂၃ခုနှစ် ဇွန်လ(၁၀)ရက်နေ့တွင် ပြောပြသည်။



ဆေးလာထုတ်သည့် လူနာအနေဖြင့် သိရှိလိုသည်များကို မေးမြန်းသော်လည်း ကောင်းမွန်စွာ ဖြေကြားပေးခြင်းမရှိသလို ဆက်ဆံရေးမှာလည်း အထက်စီးဆန်သည်ဟုလည်း ဆိုသည်။

"အဲ့လိုလူနာတွေက ဆေးထုတ်တဲ့ နေရာက ဆရာမရဲ့ ဆက်ဆံပုံက အင်မတန် စိတ်ပျက်စရာ ကောင်းတယ်။ မတူမတန်သလို အကြည့်နဲ့ကြည့်တယ် ကျွန်တော်တို့က ဆေး(၁)လစာဘဲရလို့ အကျိုးအကြောင်းသိချင်လို့ မေးတော့လည်း (၁)လစာပဲ ပေးနိုင်တယ် လို့ပဲ ဖြေတယ်။ သွေးစစ်ချင်လို့ မေးတော့လည်း မစစ်ဆေးပေးဘူး  ဒီလိုစကာလုံးတွေဘဲ ကြားနေရတယ်။ ကျွန်တော့်ရှေ့မှာလည်း အခြား ဆေးလာထုတ်သူတွေကိုလည်း  ဒီလိုဘဲပြောဆို ဆက်ဆံနေတာတွေ့ရတော့ အတော်စိတ်မကောင်းဘူးဗျာ အဲ့လို ကျန်းမာရေး ယူနီဖောင်းဝတ် ဆရာမတစ်ယောက်က လူနာတွေကို ရိုင်းပျစွာ ဆက်ဆံတာသင့်ပါသလား။ ကျွန်တော်တို့ကိုတော့ လူလို သူလို ဆက်ဆံပါဗျာ။ ကျွန်တော်တို့လည်း ဆေးထုတ်လာတာကြာပြီ။ အခုဆို ဆေးထုတ်ရမဲ့ရက်တွေဆို မသွားထုတ်ချင်တော့ဘူး။ "ဟု ၎င်းက ဆက်လက်ပြောပြသည်။

တာချီလိတ်ကျန်းမာရေးဌာနအနေဖြင့် ယခင်က  ပြည်သူ့ဝန်ဆောင်မှုအဖြစ် လူနာများအပေါ် စေတနာပါပါ အာရုံစိုက်ပြီး လုပ်ဆောင်ပေးသော်လည်း ၂၀၂၁ခုနှစ် နောက်ပိုင်း၌ လူနာများအပေါ် ဆက်ဆံမှုများမှာ ငွေကြေးပေါ်သာ မူတည်သည်ဟု သတင်းဆိုးများ ကြားနေရသည့်အတွက် တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီးအနေဖြင့် အောက်ခြေ အခြေအနေများကို လေ့လာပြီး စိစစ်ကြပ်မတ်သင့်သည်ဟုလည်း ဒေသခံများက ဆိုသည်။