တာချီလိတ်မြို့တွင် ရှမ်းရိုးမကုန်တိုက် လုပ်ကိုင်ခွင့်ရ BLF ကုမ္ပဏီ နှင့် စစ်တပ်က အလင်းရောင်ပရဟိတအသင်း နေရာကို ဖယ်ရှားခိုင်း၍ ဖယ်ပေးလိုက်ရသည့်အတွက် အသင်းလုပ်ငန်းများ ယာယီရပ်ဆိုင်းထား

တာချီလိတ်မြို့တွင် ရှမ်းရိုးမကုန်တိုက် လုပ်ကိုင်ခွင့်ရ BLF ကုမ္ပဏီ နှင့် စစ်တပ်က အလင်းရောင်ပရဟိတအသင်း နေရာကို ဖယ်ရှားခိုင်း၍ ဖယ်ပေးလိုက်ရသည့်အတွက် အသင်းလုပ်ငန်းများ ယာယီရပ်ဆိုင်းထား
ဇန်နဝါရီ 14, 2023 | ရှမ်းရှေ့



မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့လယ်ရှိ ရှမ်းရိုးမကုန်တိုက်ကို ငှားရမ်းသူလက်ထဲကနေ စစ်တပ်က သက်တမ်းမစေ့ဘဲ ပြန်သိမ်းလိုက်ပြီး စစ်တပ်နှင့်နီးစပ်သူ အမည်ခံလုပ်ငန်းရှင်တစ်ဦးကို လုပ်ကိုင်ခွင့်ပေးလိုက်ပြီးနောက် ရှမ်းရိုးမကွင်းအတွင်းရှိ အလင်းရောင်ပရဟိတအသင်းရုံးနေရာ ဖယ်ရှားပေးလိုက်ရသည့်အတွက် လက်ရှိတွင် အဆိုပါ အသင်းမှာ ရုံးနေရာမရှိသေးသည့်အပြင် ရွှေ့ပြောင်းနေရ၍ လူမှုကူညီရေးလုပ်ငန်းများကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

"အသင်းရုံးနေရာ ပြောင်းရွေ့နေပါသဖြင့် ယနေ့ (13-1-2023) ရက်နေ့မှစ၍ ကူညီမှုများ ခေတ္တယာယီရပ်နားထားမည်ဖြစ်ပါသည်။"ဟု အလင်းရောင်ပရဟိတအသင်းက ၂၀၂၃ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့ နံနက်(၈)နာရီဝန်းကျင်က ၎င်းတို့၏ Facebook Page ကနေ တဆင့် အသိပေးကြေညာထားသည်ကို တွေ့ရသည်။

တာချီလိတ်မြို့တွင် ၂၀၁၄ - ၂၀၁၅ခုနှစ်ဝန်းကျင် ကတည်းကစပြီး ရှမ်းရိုးမကွင်းအတွင်း၌ အသင်းအဆောက်အဦအတွက် ဆောက်လုပ်ခွင့်ရရှိကာ အသင်းပစ္စည်းထားရန် နှင့် ရုံးခန်း အဆောက်အဦ ဆောက်လုပ်ထားပြီး  Covid-19 ကာလမတိုင်မီ ၂၀၂၀ခုနှစ်အထိ ရှမ်းရိုးမကွင်းအတွင်း၌ လစဉ် လပြည့်/လကွယ်နေ့တိုင်း မြို့လူထုနှင့် စုပေါင်းကာ စုပေါင်းဆွမ်းလောင်းလှူလေ့ရှိသည်။

လစဉ် လပြည့် လကွယ်နေ့တိုင်း ရှမ်းရိုးမကွင်းအတွင်း အခက်အခဲမရှိ အဆင်ပြေချောမွေစွာ စုပေါင်း ဆွမ်းလောင်းလှူဒါန်းနိုင်ရန် အတွက်  ယခင် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသောင်းတင်ထွေးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲထူးတို့က စည်ပင်သာယာရေးဌာနှင့်ညှိနှိုင်းပြီး ဆောက်လုပ်ခွင့်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

နိုင်ငံအာဏာသိမ်းခံရပြီးနောက်ပိုင်း အလင်းရောင်ပရဟိတအသင်းအနေဖြင့် ယခင်လို ရှမ်းရိုးမကွင်းအတွင်း၌ လပြည့် လကွယ်နေ့တိုင်း စုပေါင်း ဆွမ်းလောင်းပွဲများ ပြန်လည်ပြုလုပ်ရန် သက်ဆိုင်ရာသို့ တင်ပြမှုများ ရှိခဲ့သော်လည်း လူစုလူဝေး နှင့် လူခြုံရေး အကြောင်းပြကာ လက်ရှိ စစ်ဗျူဟာနှင့် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ခွင့်မပြုကြောင်း ကြားသိရသည်။ 

နိုင်ငံ့အာဏာကို စစ်တပ်က ပြည်သူ့အစိုးရလက်ထဲက သိမ်းလိုက်ပြီးနောက် စစ်တပ်နှင့်နီးစပ်သည့် အမည်ခံလုပ်ငန်းရှင်မှာလည်း ရှမ်းရိုးမကုန်တိုက်နေရာကို လုပ်ကိုင်ခွင့်ရရှိသွားသလို ရှမ်းရိုးမကွင်း၏ (၃)ပုံ (၁)ပုံနေရာကိုလည်း ရှမ်းရိုးမကုန်တိုက်၏ မြေနေရာနှင့် သက်ဆိုင်သည်ဟုဆိုကာ ဆွဲယူလိုက်သည့်အတွက် အလင်းရောင်ပရဟိတအသင်းရုံးလည်း ဖယ်ပေးရခြင်း ဖြစ်သည်။

အလင်းရောင်ပရဟိတအသင်းသည် ၂၀၁၂ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့က စတင်ဖွဲ့စည်း တည်ထောင်ထားပြီး တရားဝင် မှတ်ပုံတင်ထားသည့် လူမှုကူညီရေးအသင်းဖြစ်ကာ တာချီလိတ်မြို့တွင် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲကို ၂၀၁၂ခုနှစ်က စတင်ပြီး ၂၀၂၀ ခုနှစ် မတ်လအထိ မြို့နယ်အတွင်းရှိ ရဟန်းသံဃာနှင့်သီလရှင် စုစုပေါင်း အပါး (၃၀၀)မှ (၅၀၀)ဝန်းကျင်အထိ တစ်လနှစ်ကြိမ်နှုန်းဖြင့် စုစုပေါင်း (၁၉၈)ကြိမ်အထိ (၉)နှစ်တိုင်တိုင် စုပေါင်းဘုံဆွမ်းလောင်းလှူခဲ့ရာ Covid-19 ပိုမိုပြန့်ပွားသည့် ၂၀၂၀ခုနှစ် ဧပြီလကစ၍ ယနေ့အထိ ရပ်ဆိုင်းထားခဲ့ရခြင်းလည်း ဖြစ်သည်။ 

 

လက်ရှိတွင် အလင်းရောင်ပရဟိတအသင်း၏ လူမှုကူညီရေးလုပ်ငန်းသုံး အသင်းပိုင်ပစ္စည်းများကို ဘုန်းကြီးကျောင်းတစ်ခုတွင် အကူအညီတောင်းပြီး ခေတ္တ ထားရှိရကြောင်းလည်း သိရသည်။

ရှမ်းရိုးမကုန်တိုက်နေရာကို တာချီလိတ်-မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ (  Township Border Committee - TBC )မှ စကားပြန် ဦးဘိုလေး၏ ကုမ္ပဏီ ဖြစ်သည့် UBF ကုမ္ပဏီ ( BLF COMPANY LIMITED )က လုပ်ကိုင်ခွင့်ရရှိထားခြင်း ဖြစ်သည်။