မိုင်းဆတ်မြို့တွင် ကျောင်းလုံခြုံရေးအတွက် နေ့ပိုင်းများ၌ တစ်အိမ်တစ်ယောက် အလှည့်ကျစနစ်ဖြင့် ကင်းသွားစောင့်နေရ

မိုင်းဆတ်မြို့တွင် ကျောင်းလုံခြုံရေးအတွက် နေ့ပိုင်းများ၌ တစ်အိမ်တစ်ယောက် အလှည့်ကျစနစ်ဖြင့် ကင်းသွားစောင့်နေရ
မေ 27, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့တွင် နေ့ပိုင်း ကျောင်းလုံခြုံရေး နှင့် မြို့အဝင်အထွက် ဂိတ်များအတွက် တစ်အိမ်တစ်ယောက် အလှည့်ကျစနစ်ဖြင့် သွားရောက်ကာ ကိုယ့်စရိတ်ကိုယ်စားဖြင့် ကင်းစောင့်ပေးနေရ‌ကြောင်း သိရသည်။

မိုင်းဆတ်မှာ ကျောင်းလုံခြုံရေးအတွက်ဆိုပြီး ရပ်ကွက်နေပြည်သူတွေ အလှည့်ကျ ကင်းစောင့်နေရတယ်။ မနက်(၆)နာရီခွဲကနေ ညနေ(၄)နာရီအထိတဲ့၊ စောင့်ခိုင်းတာတော့ ယောကျ်ားတွေပဲ။ ယောကျ်ားမရှိတဲ့ အိမ်ဆိုရင်တော့ မိန်းမတွေ လိုက်စောင့်ရတယ်။ ငြင်းမရလို့ ကြောက်လို့တာ သွားစောင့်ရတာ။ အခုပဲ မဟုတ်ဘူး ကျောင်းဖွင့်လဲ အလှည့်ကျစောင့်ရမှာလို့ ပြောတယ်။

ဟု  မိုင်းဆတ်ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အလှည့်ကျကင်းစောင့်ရာတွင် နေအိမ်မှ ထမင်းဗူးများ တခါတည်း ယူဆောင်သွားရမည်ဖြစ်ကြောင်းလည်း သိရသည်။

ဟုတ်တယ်ဗျ၊ မြို့နယ်က ညွှန်ကြားတယ်လို့တော့ ကြားရတယ်။ အလှည့်ကျ သွားစောင့်ရတာ။ လာရင်ထမင်းတခါထဲ ထည့်လာရမယ်။ အိမ်ပြန် မစားခိုင်းဘူး။ မယူသွားရင်လဲ ညနေ(၄)နာရီမထိုးမချင်း အိမ်ပြန်မရဘူး။ တချို့က မြို့အဝင်အထွက် ဂိတ်မှာ သွားကူစောင့်ရတယ်။ အခုလို လုပ်တာ ရှမ်း(ရှေ့)မှာတော့ မိုင်းဆတ်မြို့တစ်မြို့တည်းပဲရှိတယ် ထင်တယ်ဗျာ။ အခုလိုမျိုး တစ်ခါမှလည်း မကြားဖူးဘူးဗျ။ အရင်ကလည်းမရှိခဲ့ဘူး

ဟု မိုင်းဆတ်ဒေသခံ အမျိုးသားတစ်ဦးက ပြောပြသည်။

ယင်းသို့ လုပ်ဆောင်မှုကို ကျောင်းအပ်မှုစတင် လက်ခံသည့် ပထမနေ့ဖြစ်သည့် ၂၀၂၁ခုနှစ် မေလ(၂၄)ရက်နေ့က စတင်ခြင်း ဖြစ်ကြောင်း သိရသည်။