တာချီလိတ်မြို့အပါအဝင် ရှမ်းပြည်နယ်အတွင်း အွန်လိုင်းလိမ်လည်မှု တရုတ်ဂိုဏ်းများ၏ လက်ထဲကနေ  နေရပ်ပြန်ခွင့်မရသည့် ထိုင်းနိုင်ငံသား (၁၄၀)ကျော်ကို ကယ်ထုတ်နိုင်ရန် ထိုင်းဘက် တာဝန်ရှိသူများ ကြိုးပမ်းနေ

တာချီလိတ်မြို့အပါအဝင် ရှမ်းပြည်နယ်အတွင်း အွန်လိုင်းလိမ်လည်မှု တရုတ်ဂိုဏ်းများ၏ လက်ထဲကနေ  နေရပ်ပြန်ခွင့်မရသည့် ထိုင်းနိုင်ငံသား (၁၄၀)ကျော်ကို ကယ်ထုတ်နိုင်ရန် ထိုင်းဘက် တာဝန်ရှိသူများ ကြိုးပမ်းနေ
By Mr John

 မြန်မာနိုင်ငံ တာချီလိတ်မြို့ အပါအဝင် ရှမ်းပြည်နယ်အတွင်း အလုပ်အကိုင် ရရှိမည်ဟု အွန်လိုင်းလိမ်လည်တရုတ်ဂိုဏ်းများ၏ လိမ်လည်ခံရမှုကြောင့်  ၂၀၂၂ ခုနှစ်နောက်ပိုင်း အကူအညီ တောင်းခံခဲ့သည့် ထိုင်းနိုင်ငံသား (၁၄၀) ကျော်ရှိကြောင်းနှင့် ယခုအချိန်အထိ (၆၀) ဦးခန့်ကို ကယ်တင်နိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံ ကောင်စစ်ဝန်ရေးရာဌာနက ပြောသည်။ 

အဆိုပါ ဌာန၏ အထွေထွေညွှန်ကြားရေးမှူး Ruj Thammongkok က နောက်ဆုံး အချက်အလက်များကို ၂၀၂၃ခုနှစ် ဇွန်လ (၇)ရက်နေ့က ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခြင်းဖြစ်သည်။

ထိုအစည်းအဝေးတွင် အွန်လိုင်းလိမ်လည်မှုဂိုဏ်းများထံသို့ ရောက်ရှိသွားခဲ့သည့် လိမ်လည်ခံရသူများကို ပြန်လည်ခေါ်ဆောင်ရာတွင် အရှိန်မြှင့်ဆောင်ရွက်ရေး အဖြေရှာရန် အခြား အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

အစည်းအဝေးသို့ Paveena Foundation for Children and Women ၏ ဥက္ကဌ Paveena Hongsakul နှင့် ရန်ကုန်မြို့ရှိ ထိုင်းသံရုံးမှ အရာရှိများ၊ ချင်းရိုင်ကုန်သည်ကြီးများအသင်းနှင့် ချင်းရိုင်ရှိ ရွှေ့ပြောင်းအလုပ်သမား ကူညီမှုစင်တာတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိုင်းနိုင်ငံသား အများအပြားမှာ ဆိုရှယ်မီဒီယာပေါ်တွင် မြင့်မားသော လုပ်ခလစာနှင့် အထောက်အပံ့များ ရရှိမည်ဆိုသော အွန်လိုင်းကြော်ငြာများဖြင့် မက်လုံးပေး ဆွဲဆောင်ခံနေရကြောင်း မြန်မာနိုင်ငံရှိ ထိုင်းသံရုံးတွင် တာဝန်ကျသူ ရဲဗိုလ်မှူးကြီး Sanya Niumpradit က ပြောသည်။ 

သို့သော် နောက်ပိုင်းတွင်မူ ၎င်းတို့မှာ လိမ်လည်သူများ၏ သားကောင်းဖြစ်ခဲ့ကြပြီး ပတ်စ်ပို့များ အသိမ်းခံထားရကြောင်းနှင့် အများအပြားက ထိုင်းသံရုံးသို့ ဆက်သွယ်၍ အကူအညီတောင်းခဲ့ကြကြောင်း ရဲဗိုလ်မှူးကြီးက ဆိုသည်။

မြန်မာနိုင်ငံအတွင်းသို့ လိမ်လည်ခေါ်ဆောင်ခံသူ အများစုမှာ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် အလယ်ပိုင်း‌ ဒေသများမှဖြစ်ပြီး ချင်းရိုင်ဒေသခံများ မပါဝင်ကြောင်း ထိုင်းသံရုံး ပထမအတွင်းဝန် Pym Chaiyasan က ပြောသည်။ 

ကောင်စစ်ဝန်ရေးရာဌာန လက်အောက်ရှိ ထိုင်းနိုင်ငံသားများ၏ ပြည်ပအကျိုးစီးပွား ကာကွယ်ရေးဌာနခွဲ ညွှန်ကြားရေးမှူး Amnat Phalapleewan ၏ အဆိုအရ လိမ်လည်ခံရသည့် ထိုင်းနိုင်ငံသား အများစုမှာ မြန်မာနိုင်ငံတွင် တရားမဝင် အလုပ်လုပ်ကိုင်ရန် မက်လုံးပေး ဖြားယောင်းခံခဲ့ရကြောင်း သိရသည်။

"လူ (၁၄၀) လောက်က အကူအညီတောင်းလာကြတယ်။ ဒါပေမဲ့ သူတို့ထဲက (၆၃) ယောက်ကိုပဲ ပြန်ခေါ်နိုင်သေးတယ်။ ပြဿနာက ဒီလို ပြန်ခေါ်ဆောင်ဖို့ လုပ်ငန်းစဥ်က (၂)လကနေ (၃) လကြာနိုင်တာပဲ"ဟု Amnat က ပြောသည်။ 

မြန်မာနိုင်ငံတွင် အလုပ်အကိုင်ရရှိမည်ဟု လိမ်လည်ခံရသည့် ထိုင်းနိုင်ငံသားများက မယ်ဆိုင် လူဝင်မှုကြီးကြပ်ရေးဂိတ်မှတစ်ဆင့် တရားဝင် နယ်စပ်ဖြတ်ကျော်ကြခြင်း မဟုတ်ကြောင်း ချင်းရိုင်ရှိ လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတစ်ဦးက ဆိုသည်။

၎င်းတို့အများစုက မယ်ဆိုင်ချောင်းကနေ  တစ်ဆင့် မြန်မာနိုင်ငံ တာချီလိတ်ဘက်သို့ တရားမဝင် နယ်စပ်ဖြတ်ကျော်သွားကြသည့်အတွက် ထိုင်းအရာရှိများအနေဖြင့် ခြေရာခံလိုက်ရန် ခက်ခဲသည်ဟု ဆိုသည်။

 The Border Consortium (TBC) ၏ အချက်အလက်များအရ လိမ်လည်ခံရသည့် ထိုင်းနိုင်ငံသား (၁၈) ဦးအနက် (၁၁) ဦးကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ကောလ်စင်တာ ဂိုဏ်းများထံမှ ပြန်လည်ကယ်တင်ခဲ့ကြောင်းနှင့် ကျန်ရှိနေသူများကို မကယ်တင်နိုင်သေးကြောင်း သိရသည်။

လိမ်လည်ခံရသူများမှာ Facebook, Line နှင့် TikTok ပေါ်တွင် မြန်မာနယ်စပ်မြို့ တာချီလိတ်တွင် အလုပ် လုပ်ကိုင်ရန် အလုပ်အကိုင်ကြော်ငြာများကို မြင်ခဲ့ကြသည်ဟု TBC က ပြောသည်။ 

ထိုအလုပ်အကိုင် ကြော်ငြာများတွင် အစားအသောက်နှင့် နေရာထိုင်းခင်း စီစဥ်ပေးမည်ဖြစ်ပြီး မြင့်မားသော လုပ်ခလစာရရှိမည်ဟု မက်လုံးပေးထားကြောင်း သိရသည်။ 

သို့သော် နယ်စပ်ဖြတ်ကျော်၍ မြန်မာနိုင်ငံဘက်သို့ ရောက်ရှိသွားပြီးနောက် ဖုန်းဆက်သွယ်၍ လိမ်လည်မှုများ လုပ်ဆောင်နေသည့် ကော်လ်စင်တာဂိုဏ်းများတွင် အလုပ် လုပ်ရန် တာချီလိတ်မြို့ အပါအဝင် ရှမ်းပြည်နယ်အတွင်းရှိ အခြား မြို့များသို့ ပို့ဆောင်ခံကြရကြောင်း TBC က ပြောသည်။

လိမ်လည်ခံသူများအနက် အချို့မှာ တရုတ်ဘာသာစကားဖြင့် ရေးသားထားသော ကန်ထရိုက်စာချုပ်များတွင် လက်မှတ်ရေးထိုးကြရကြောင်းနှင့် ကျင်စက်များဖြင့် နှိပ်စက်ခြင်းများ အပါအဝင် အမျိုးမျိုး နှိပ်စက်ခံကြရပြီး အမျိုးသမီးအချို့မှာ လိင်ဖျော်ဖြေမှုလုပ်ရန် အတင်းအကျပ် စေခိုင်းခံကြရကြောင်းလည်း သိရသည်။ 

အမျိုးသမီးအချို့ကို မူးယစ်ဆေးဝါး အတင်းအကျပ် သုံးစွဲခိုင်းပြီး ပြည့်တန်ဆာ ဖြစ်လာကြောင်းနှင့် အခြားသူများကို ပြန်ပေးရွေးငွေအတွက် ထိန်းသိမ်းထားကြောင်း Paveena Foundation for Children and Women က ပြောသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်မြို့နှင့် နီးသည့် မြန်မာနိုင်ငံ တာချီလိတ်မြို့တွင် အွန်လိုင်းဂိမ်းလုပ်ငန်းနှင့် တရုတ်၊ ထိုင်း နှင့် အင်္ဂလိပ် ဘာသာများဖြင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို တရုတ်နိုင်ငံသားများက နိုင်ငံ့အာဏာသိမ်းသည့်ကာလအတွင်း စစ်တပ်အပါအဝင် လက်နက် အဖွဲ့အစည်းအချို့၏ အမှီအခိုရယူပြီး လုပ်ဆောင်နေရာ အဆိုပါနေရာများတွင် နေရပြန် မပြန်နိုင်ဘဲ ပိတ်မိကာ ညှင်းပန်းနှိပ်စက်ပြီး စေခိုင်းခံနေရသည့် တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယာ၊ ဗီယက်နမ် စသည့် နိုင်ငံသူ နိုင်ငံသားများ အပြင် မြန်မာနိုင်ငံသား လူငယ်များလည်း ရှိနေကြောင်း သိရသည်။

ယင်းသို့ ပိတ်မိပြီး အတင်းအဓမ္မစေခိုင်းမှုများကြောင့် အဆိုပါ နေရာများကနေ ထွက်ပြေးရန် ကြိုးစားသူများကို ပြန်လည်ဖမ်းမိပါက လက်ထိတ်ခတ်ကာ ကျင်စက်များနှင့်တို့ခြင်း ရိုက်နှက်ခြင်းများ ပြုလုပ်လေ့ရှိသည်ဟုလည်း သိရသည်။

တာချီလိတ်မြို့ အပါအဝင် ရှမ်းပြည်နယ်အတွင်း ဒုစရိုက်လုပ်ငန်း လောင်းကစားများ လုပ်ကိုင်ခွင့်ရရှိရန် ရဲတပ်ဖွဲ့နှင့် တပ်နယ်တို့ကို ငွေကြေးပေးပြီး လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။



Source: Bangkok Post