ရှမ်းပြည်နယ်အတွင်း အသံတိတ်သပိတ် မလုပ်ဆောင်နိုင်ရေးအတွက် မြို့နယ်များတွင် စစ်ကောင်စီ လက်အောက်ခံများက  အွန်လိုင်းပေါ် စောင့်ကြည့်ဖမ်းဆီးရေး ကော်မတီ ဖွဲ့ထား

ရှမ်းပြည်နယ်အတွင်း အသံတိတ်သပိတ် မလုပ်ဆောင်နိုင်ရေးအတွက် မြို့နယ်များတွင် စစ်ကောင်စီ လက်အောက်ခံများက  အွန်လိုင်းပေါ် စောင့်ကြည့်ဖမ်းဆီးရေး ကော်မတီ ဖွဲ့ထား
ဇန်နဝါရီ 27, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အတွင်း အသံတိတ်သပိတ် မလုပ်ဆောင်နိုင်ရေးအတွက် အင်တာနက်အွန်လိုင်း၊ လူမှုကွန်ယက်များပေါ်မှ သတင်းအချက်အလက်များနှင့် လှုံ့ဆော်မှုများကို ထုတ်ဖော် အရေးယူရေး အတွက် ကော်မတီများ ဖွဲ့ပြီး စောင့်ကြည့်နေကြောင်း သိရသည်။

အဆိုပါ ကော်မတီတွင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ထွေအုပ်၊ မြို့နယ်ပြန်/ဆက်၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့(SB)၊ မြို့နယ်စည်ပင်၊ မြို့နယ်လဝက၊ စစစ နှင့် မြို့နယ် ဥပဒေ တို့ ပါဝင်ကြောင်း သိရသည်။

လူမှုကွန်ယက်များပေါ်မှ အကြမ်းဖက်စစ်ကောင်စီအပေါ် ဆန့်ကျင်ရေးသားမှုများ၊ ဖေဖော်ဝါရီလ(၁)ရက်နေ့အတွက် အသံတိတ်သပိတ် လှုံ့ဆော်ရေးသားမှုများ၊ အကြမ်းဖက်စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရာပျက်ပြားစေသည်ဟု သတ်မှတ်ထားသည့် အရေးအသားများ သတင်းထုတ်လွှင့်မှုများကို စောင့်ကြည့်ကာ မှတ်တမ်းယူပြီး ဖော်ထုတ်အရေးယူနိုင်ရန်အတွက် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ယင်းကော်မတီကို ဖွဲ့စည်းပေးထားခြင်း ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမှာတော့ သိတဲ့အတိုင်း အားလုံးက ဘာသိဘာသာ နေကြတာများပြီး စစ်တပ်ဆန့်ကျင်ရေးမှာ ပါဝင်မှုအားနည်းလွန်းပါတယ်။ ဒါပေမဲ့ သူတို့တွေ ကော်မတီဖွဲ့ပြီး စောင့်ကြည့်နေတယ်။ အကြောက်လွန်ပြီး စောင့်ကြည့်နေကြတာပေါ့။ ပြည်သူတွေက PDF တွေ NUG တွေကို မကြောက်ဘူး ပြည်သူ့ဘက်က ရပ်တည်နေကြသူမို့ မကြောက်ကြတာ၊ မဟုတ်တာ လုပ်တဲ့ စစ်တပ်ကိုပဲ ကြောက်နေကြရတာ။ အကြောက်တရားနဲ့ အုပ်ချုပ်နေကြတာပေါ့ဗျာ။ အဲ့လိုပဲ တာချီလိတ်ကိုတော့ အဓိကထား စောင့်ကြည့်နေတယ်။ ကျိုင်းတုံထက် တာချီလိတ်မှာက ပေါက်ကွဲမှုတွေဖြစ်သလို၊ အွန်လိုင်းလည်း အားကောင်းတယ်။ အဲ့အတွက် စောင့်ကြည့်နေကြတယ်

ဟု Tachileik News Agency ၏ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

တာချီလိတ်မြို့အနေဖြင့် စရဖ၊ SB၊ မြို့မရဲစခန်း၊ နယ်ထိန်းရုံးခန်း၊ စစ်ဗျူဟာတို့က အွန်လိုင်းပေါ်က ဒေသတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်ရေးသားသူများကို နေ့စဉ် စောင့်ကြည့်နေကြောင်းနှင့် ယင်းကဲ့သို့ပင် အခြား ဒေသများကလည်း ဒေသတွင်းအခြေအနေများကို နေ့စဉ် စောင့်ကြည့်ကာ မှတ်တမ်းယူနေမှုများရှိသည်ဟု သိရသည်။

အသံတိတ်သပိတ်နေ့တွင် ဆိုင်မဖွင့်ပါက  အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) နှင့်တည်ဆဲ ဥပဒေ များအရ အရေးယူခံရနိုင်သည်ဟု အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး ခြိမ်းခြောက်ထားပြီး စောင့်ကြည့်နေခြင်း ဖြစ်သည်။

အသံတိတ်သပိတ်ကို ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နံနက်(၁၀)နာရီမှ ညနေ(၄)နာရီအထိ အချိန်(၆)နာရီသာ လုပ်ဆောင်မည်ဖြစ်သည့်အတွက် ပြည်သူများ နေအိမ်ကနေ လမ်းပေါ်  မထွက်ခြင်းဖြင့် ပါဝင်ကြရန် ပြည်သူမှ ပြည်သူသို့ နှိုးဆော်ထားခြင်း ဖြစ်သည်။