တာချီလိတ်မြို့တွင်း မီးခိုးဖုံးလွှမ်းမှု အခြေအနေ နီညိုရောင်အဆင့်သို့ ရောက်ရှိ

တာချီလိတ်မြို့တွင်း မီးခိုးဖုံးလွှမ်းမှု အခြေအနေ နီညိုရောင်အဆင့်သို့ ရောက်ရှိ
မတ် 26, 2023 | ရှမ်းရှေ့

မြန်မာ - ထိုင်း - လာအို နယ်စပ်တလျှောက် တောမီးလောင်မှုများကြောင့်  မီးခိုးဖုံးလွှမ်းမှုများမှာ တာချီလိတ်တွင် လေထုအရည်အသွေး (၄၉၆)အထိရှိနေ၍ နီညိုရောင်အဆင့်အဖြစ် တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ယနေ့ ၂၀၂၃ခုနှစ် မတ်လ(၂၆)ရက်နေ့တွင် သတ်မှတ်လိုက်သည်။

တောမီးခိုးများ ဖုံးလွှမ်းမှုသည့် ၂၀၂၃ခုနှစ် မတ်လ(၂၃)ရက်နေ့ ညပိုင်းက စတင်ကာ  သိသိသာသာဖြစ်ပေါ်ခဲ့ပြီးနောက်  ယနေ့ မတ်လ(၂၆)ရက်နေ့အထိ ဆိုးရွားစွာဖြစ်ပေါ်နေပြီး နေအိမ်အတွင်း နေသူများပင်လျှင် မျက်လုံးစပ်ခြင်း၊ လည်ချောင်းယားယံခြင်းနှင့် မျက်ရည်ယိုသည်အထိ ဖြစ်ပေါ် ခံစားနေရကြောင်း သိရသည်။



"မျက်စိစပ်တယ်။ အသက်ရှုကြပ်တယ်။ အသားတွေယားတယ်။ အသားမှာ အလာ့ဂျစ်လို အနီကွက်တွေ ထွက်လာတယ်။ ပူလည်း ပူတယ်။ အိမ်ထဲနေတာတောင် အသက်ရှုကြပ်တယ်။ အပေါ်တွေ အကုန်ပိတ်ပြန်တော့လည်း အသက်ရှုမဝဘူး။ ဒီနေ့ပိုသိသာတယ်၊။ အိမ်ထဲနေရင်း မျက်စိနာတယ်"ဟု တာချီလိတ်ဒေသခံ တစ်ဦးက Tachileik News Agency ကို ပြောသည်။



မီးခိုးများဖုံးလွှမ်းလာနေမှုနှင့် ပတ်သက်၍ ကျန်းမာရေးဌာနက အသိပေး နှိုးဆော်ထားခြင်း မရှိသော်လည်း တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက "ထိခိုက်လွယ်အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့  ထွက်ခြင်းမှ ရှောင်ကြဥ်သင့်ပါကြောင်း နှင့် မဖြစ်မနေ အပြင်ထွက်ရန်လိုအပ်ပါက နှာခေါင်းစည်း Mask များတပ်ဆင်ကြရန်" အသိပေးထားရှိသည်။

တာချီလိတ်မြို့တွင်း မီးခိုးဖုံးလွှမ်းမှု လျှော့ချရေးအတွက် မီးသတ်တပ်ဖွဲ့က ရေမှုန်ရေမွှားပက်ဖျန်းမှုများ လုပ်ဆောင်နေသည်ဟုလည်း သိရသည်။

နယ်စပ်တလျှောက်တွင် နှစ်စဉ် မတ်လရောက်တိုင်း ယခုလို တောမီးခိုးများ ဖုံးလွှမ်းသည့် ဖြစ်စဉ်ဖြစ်ပွားလေ့ရှိပြီး ပြီးခဲ့သည့်နှစ်က သိပ်မသိသာသော်လည်း ယခုတွင်မှု သိသိသာသာ ဖြစ်ပေါ်နေကြောင်း သိရသည်။