တာချီလိတ်မြို့ရှိ KTV ဆိုင်တစ်ဆိုင်တွင် အမျိုးသား(၃)ဦးထံက ကျပ်သိန်း(၁,၅၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးအသစ် Happy Water များ ဖမ်းမိ

တာချီလိတ်မြို့ရှိ KTV ဆိုင်တစ်ဆိုင်တွင် အမျိုးသား(၃)ဦးထံက ကျပ်သိန်း(၁,၅၀၀)ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးအသစ် Happy Water များ ဖမ်းမိ

 မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်အတွင်း မြို့ပတ်လမ်းရှိ Happy Night KTV တွင် အမျိုးသား(၃)ဦးထံက ကျပ်သိန်း(၁,၅၀၀)ကျော်ဖိုး တန်ဖိုးရှိ Happy Water များကို ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဇွန်လ(၇)ရက်နေ့၏ ညပိုင်းက မူးယစ်တပ်ဖွဲ့စု(၃၀)တာချီလိတ် နှင့် တာချီလိတ်တပ်နယ်အပါအဝင် ပူးပေါင်းအဖွဲ့များဖြင့် မယ်ခေါင်ရပ်ကွက်အတွင်း မြို့ပတ်လမ်းရှိ Happy Night KTV ၏  (၃)လွှာ၏ အခန်းတစ်ခန်းအတွင်း ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။



ဝင်ရောက် ဖမ်းဆီးရာတွင် အိုက်ဝမ်း နှင့် စိုင်းလှိုင်ဦး(ခ)ထွန်းဦး တို့(၂)ဦးကို တွေ့ရပြီး ရှာဖွေမှုများ ပြုလုပ်ရာ ပန်းနုရောင်အမှု စိတ်ပြောင်းဆေးဝါးမူးယစ်ဆေးဝါးသစ်ဖြစ်သည့် Happy Water စုစုပေါင်း အလေးချိန် (၄၂၀)ဂရမ်ခန့်ကို သိမ်းဆည်းရမိပြီး ဖမ်းဆီးခံရသူများအား စစ်ဆေးရာက  KTV ဆိုင်ရှေ့တွင် စိုင်းဆိုင်တစ်(ခ)စိုင်းဆိုင်ခေး ဆိုသူအား လိမ္မော်ရောင်အမုန့် Happy Water စုစုပေါင်း အလေးချိန် (၉၈၀)ကို နှင့်အတူ ထပ်မံ ဖမ်းမိကြောင်း သိရသည်။

အမျိုးသား(၃)ဦးနှင့်အတူ ဖမ်းဆီးသိမ်းဆည်းရမိသည့် စိတ်ပြောင်းဆေးဝါးမူးယစ်ဆေးဝါးသစ်ဖြစ်သည့် Happy Water စုစုပေါင်း အလေးချိန် (၁,၄၀၀)ဂရမ်၏ ကာလတန်ဖိုးမှာ ကျပ်သိန်းပေါင်း (၁,၅၄၀)ရှိကြောင်း သိရသည်။

 

 Happy Water များနှင့်အတူ ဖမ်းဆီးရမိသည့် အိုက်ဝမ်း နှင့် စိုင်းလှိုင်ဦး(ခ)ထွန်းဦး တို့ (၂)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၂၆/၂၀၂၃၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ ဖြင့် လည်းကောင်း၊  စိုင်းဆိုင်တစ်(ခ)စိုင်းဆိုင်ခေးအား တာချီလိတ်မြို့မရဲစခန်းတွင် မယ(ပ)၂၇/၂၀၂၃၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ လည်းကောင်း အသီးသီး ဖမ်းဆီး အမှုဖွင့်ထားကြောင်း သိရသည်။

တာချီလိတ်မြို့တွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက်ပိုင်း KTV နှင့် Club များတွင် စိတ်ပြောင်းဆေးဝါးမူးယစ်ဆေးဝါးသစ်ဖြစ်သည့် Happy Water များကို လွတ်လပ်စွာ ရောင်းချနေလျက်ရှိပြီး အသစ်ထုတ်လုပ်ပြီးသည့် Happy Water များ၏ အရည်အသွေး စမ်းသပ်ခြင်းအဖြင့် ဧည့်ကြို နှင့် စားပွဲထိုးများကို စမ်းသပ်ခိုင်းသည်များရှိရာ (၁၀)ဦးကျော်အထိ သေဆုံးသည်များရှိပြီး သေဆုံးမှုများကို အပြင်သို့ မပေါက်ကြားရန် သတင်းပိတ်ထားသည်ဟု ပြောဆိုမှုများလည်း ကြားနေရသော်လည်း Tachileik News Agency အနေဖြင့် အတည်မပြနိုင်သေးပေ။

"မနေ့က မြို့ပတ်လမ်းဘက်မှာ ရဲတွေကို တွေ့လိုက်တယ်။ ဘာဖမ်းတာလည်း မသိဘူး။ နေ့လည်ကမှ သိရတယ်။ Happy တွေကို KTV ထဲ ဝင်ဖမ်းတာတဲ့။ တာချီလိတ်မှာ Harry Potter တို့လို နေရာမှာကြတော့ သူတို့တွေ သွားမစစ်ရဲဘူးလား မသိဘူး။ အဲ့မှာတော့ ဆေးတွေ စမ်းသပ်ခံရလို့ PR တွေထဲက သေတာလည်းရှိတယ်ဆိုပြီး   ပြောနေတာကြတာ အဲ့မှာ လုပ်တဲ့လူတွေလည်း အမှန်အတိုင်း ဘယ်သူမှ မပြောရဲကြဘူး။ ရဲတွေ စစ်တပ်တွေက တကယ်သာ ဒါကို ပပျောက်စေချင်တယ် ဖမ်းချင်တယ်ဆိုရင် Harry Potter တို့လို နေရာမှာ အသွင်ယူပြီး ဖမ်းလို့ရတာပဲ။ သူတို့လည်း သေးတာလေးတွေပဲ လိုက်ရှာဖမ်းနေတာထင်တယ်။ တာချီလိတ်မှာတော့ အစုံရနိုင်တဲ့ Harry Potter ကတော့ အခုတလော အတော်နာမည်ကြီးနေတယ်။ Happy Water တွေက တခြားနေရာတွေထက် အဲ့မှာက အရည်အသွေး ပိုကောင်းတယ်လို့တဲ့"ဟု မယ်ခေါင်ရပ်ကွက်အတွင်းနေသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။



တာချီလိတ်မြို့တွင် Happy Water အလွန်အကျွံသုံးစွဲမိပြီးနောက် (၂)ရက် (၃)ရက်အကြာတွင် သေဆုံးသွားသည်ဆိုသည့် ဒေသခံများ၏ ပြောဆိုမှုများကို မကြာခဏ ကြားနေရသည်။