ကျပ်သိန်းပေါင်း (၆၀,၀၀၀)ဝန်းကျင် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မိုင်းဆတ်မြို့တွင် ဖမ်းမိ

ကျပ်သိန်းပေါင်း (၆၀,၀၀၀)ဝန်းကျင် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မိုင်းဆတ်မြို့တွင် ဖမ်းမိ
ဖေဖော်ဝါရီ 5, 2021 | မှုခင်းသတင်း| ရှမ်းရှေ့
By သန်းဇော်ဦး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့နယ်အတွင်း ဆိုက်ခေါင်လုံခြုံရေးဂိတ်တွင် ငွေကျပ်သိန်းပေါင်း(၆၀,၀၀၀)ဝန်းကျင် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ အမျိုးသားတစ်ဦးအား  ဖမ်းဆီးရမိ ခဲ့ကြောင်း သိရသည်။ 



ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရန်နိုင်ထွန်း၊ မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ တပ်ဖွဲ့စုမှူး ရဲမှူး ဝင်းဇော်၊ နယ်မြေခံတပ်နယ်မှ ဗိုလ်ကြီးတင်ဆန်းအောင်၊ စရတ(မိုင်းဆတ်)မှ ဗိုလ်ကြီးကျော်ဇေယျာဟိန်းတို့ ဦးစီးသော ပူးပေါင်းအဖွဲ့သည် မူးယစ်ဆေးဝါးသတင်းအရ မိုင်းဆတ် - တာချီလိတ်ကားလမ်း ဆိုက်ခေါင်လုံခြုံရေးဂိတ်၌ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့ ည(၇)နာရီခွဲဝန်းကျင်အချိန်က  စောင့်ဆိုင်းနေစဉ် မိုင်းဆတ်ဘက်မှ မိုင်းတွမ်း ဘက်သို့ အမျိုးသားတစ်ဦး မောင်းနှင်လာသော ALPHARD-V အမျိုးအစား အဖြူရောင်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိသည်။



အဆိုပါ ပူးပေါင်းအဖွဲ့က ရှာဖွေမှုများ ဆောင်ရွက်ရာ မော်တော်ယာဉ်နောက်ခန်းအတွင်းမှ အစိမ်းရောင်ပီနံအိတ်(၁၉)လုံးနှင့် အစိမ်းရောင်ကျောပိုးအိတ်(၁)လုံးတို့အား စစ်ဆေးတွေ့ရှိခဲ့ပြီး ဖွင့်ဖောက်စစ်ဆေးရာ းငွေကျပ်သိန်းပေါင်း(၅၄,၂၆၀)သိန်းတန်ဖိုးရှိသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား (၅,၄၂၆,၀၀၀)ပြား၊  နှင့် တန်ဖိုးငွေကျပ်သိန်းပေါင်း(၅,၀၀၀)သိန်းရှိ အိုက်စ်(ICE) (၂၅)ကီလိုတို့ကို သိမ်းဆည်းရမိခဲ့သည်။

 မူးယစ်ဆေးဝါးများအား မော်တော်ယာဉ်ဖြင့်သယ်ဆောင်လာသူ အသက်(၄၄)နှစ်ရှိ ကျစေ့ ဆိုသူအား မိုင်းဆတ်မြို့မရဲစခန်းတွင် မယ(ပ)၉/၂၀၂၁၊ မူး/စိတ်ပုဒ်မ-၁၉(က)/၂၀(က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားပြီး စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရှိရသည်။



Tachileik News Agency

သတင်း - သန်းဇော်ဦး