တာချီလိတ်ရွှေတိဂုံစေတီတော်တွင် ပြန်တွေ့သည့် စိန်တုံးမှာ အတုဖြစ်နေပြီး  ခွင့်ပြုချက်မရှိဘဲ အောက်သို့ ချလာ၍ စစ်ဆေးနေ 

တာချီလိတ်ရွှေတိဂုံစေတီတော်တွင် ပြန်တွေ့သည့် စိန်တုံးမှာ အတုဖြစ်နေပြီး  ခွင့်ပြုချက်မရှိဘဲ အောက်သို့ ချလာ၍ စစ်ဆေးနေ 

 တာချီလိတ်ရွှေတိဂုံစေတီတော်၏ စိန်ဖူးတော် အထွဋ်ရှိ စိန်တုံးနှင့် စိန်ဖူးပတ်လည်ရှိ ကျောက်များ ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ပြန်တွေ့ပြီဆိုသည့် စိန်တုံးမှာ အတုဖြစ်နေပြီး စိန်ဖူးတော်ကို ခွင့်ပြုချက်မရှိဘဲ အောက်သို့ ချသူများကို စစ်ဆေးနေလျှက်ရှိကြောင်း သိရသည်။



စိန်ဖူးတော်ရှိ စိန်တုံး ပျောက်နေကြောင်း သိရသည့် (၂၄)နာရီအတွင်း စိန်တုံး ပြန်လည်တွေ့ရှိရေး စစ်တပ်ကပါ ပါဝင်လာပြီးနောက်  ၂၀၂၄ခုနှစ် မတ်လ(၁၅)ရက်နေ့ နေ့လည်ပိုင်းတွင် စေတီရှိ ထီးတော်အောက် အမှိုက်ကန်အကြားထဲက စိန်တုံးပြန်လည်တွေ့ရှိပြီဟု သတင်းလွှင့်လိုက်သော်လည်း တွေ့ရှိသည့် စိန်တုံးမှာ အတုဖြစ်နေကြောင်း အတည်ပြုထားသည်။ 

"ပြန်တွေ့ပြီဆိုတဲ့ စိန်က အစစ်မဟုတ်ဘူး။ အတုဖြစ်နေတယ်။ အခုက စိန်တုံး ပျောက်တဲ့ကိစ္စအပြင် စိန်ဖူးတော်ကို ခွင့်ပြုချက်မရှိဘဲ ချတာက ပြဿနာဖြစ်နေတယ်။  အခုလို  ဖြစ်ကလက်ဆန်းလုပ်တာရယ် ခွင့်ပြုချက်မရှိဘဲ ချလို့  သူတို့ကို ပြန်မလွတ်နိုင်သေးဘဲ သက်ဆိုင်ရာက စစ်ဆေးမှုတွေ ဒီနေ့ထိ လုပ်နေဆဲပါ"ဟု ခိုင်မာသည့် သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency မတ်လ(၁၇)ရက်နေ့တွင် ပြောသည်။

ပျောက်သွားသည့် စိန်တုံး၏ အလေးချိန်မှာ (၁၀)ကာရက် ရှိနေပြီး ပြန်တွေ့သည့် စိန်မှာ အလေးချိန်မတူသလို အတုဖြစ်နေသည်ဟု ဆိုသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်အား ရွှေသင်္ကန်းကပ်ရန်  ၂၀၂၄ခုနှစ် မတ်လ(၃)ရက်နေ့တွင် ဝါး ငြမ်းဆင်ခြင်းကို စတင်ရာ မတ်လ(၁၄)ရက်နေ့တွင် ငြမ်းဆင်မှုပြီးသည့် အတွက် စိန်ဖူးတော်ကို တက်ရောက် ဖြုတ်ယူခြင်း ဖြစ်သော်လည်း ထီးတော်ချရန် မင်္ဂလာအခါလည်း မဟုတ်သလို ကော်မတီ၏ ခွင့်ပြုချက်ဖြင့် ချခြင်းမဟုတ်၍ စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။

၂၀၂၄ခုနှစ် မတ်လ(၁၄)ရက်နေ့ နေ့လည်ပိုင်းတွင် တာချီလိတ်ရွှေတိဂုံစေတီတော်၏ ဝန်ထမ်းဖြစ်သူ ဦးဝင်းနိုင်က စေတီအပေါ်ထိ တက်ရောက်ကာ စိန်ဖူးတော်အား ဖြုတ်ယူပြီး အောက်သို့ သယ်ဆောင်ရန် လွယ်အိတ်အတွင်းသို့ ထည့်ကာ ငှက်မြတ်နားတော်အား ရွှေသင်္ကန်းကပ်လှူရေး လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိထားသည့် စွယ်တော်ဦး ကုမ္ပဏီဝန်ထမ်း (၁၂)ဦးနှင့်အတူ လက်ဆင့်ကမ်း၍ အောက်သို့ ပို့ဆောင်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်၏ ဝန်ထမ်းဖြစ်သူမှာ ဂေါပကအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တက်ရောက် ဖြုတ်ယူခြင်းဖြစ်သည်ဟု သိရသော်လည်း လက်ရှိတွင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မဟုတ်ကြောင်း သိရသည်။

"ရွှေတိဂုံမှာ ၂၀၁၈ ရွှေသင်္ကန်းကပ်လှူတုန်းက ထီးတော်ကို တပ်ချုပ်ကိုယ်တိုင် တင်လှူသွားတာ။ စိန်တုံးကို လှူတာကတော့ သီးခြား အလှူရှင်သပ်သပ်ပါ။ ၂၀၁၈ကနေ အခု ၂၀၂၄ အထိ (၆)နှစ်ကျော် ကာလအတွင်းမှာ ဒီစိန်တုံး ပျောက်ဆုံးနေမှုက အတော်စဉ်းစားစရာဖြစ်နေတယ်။ ဒီကိစ္စကို စစ်ဆေးနေဆဲပါပဲ။"ဟု ဒေသခံ မြို့မိမြို့ဖ တစ်ဦးက ပြောသည်။

စိန်တုံး ပျောက်ဆုံးမှုနှင့်အတူ ခွင့်ပြုချက်မရှိဘဲ ဖြုတ်ယူလာမှုတို့ကြောင့် ဂေါပကအဖွဲ့များ ခန့်ထားသည့် တာချီလိတ်ရွှေတိဂုံစေတီတော်၏ ဝန်ထမ်းများဖြစ်သူ ဦးဝင်းနိုင် နှင့် ဦးမြင့်ဦး အပါအဝင် ရွှေသင်္ကန်းကပ်လှူရေး လုပ်ငန်းကို လုပ်ကိုင်ခွင့်ရရှိထားသည့် စွယ်တော်ဦး ကုမ္ပဏီမှ   ဦးဇော်မျိုးဦး အပါအဝင် (၁၀)ဦးထက် မနည်းကို တာချီလိတ်မြို့မရဲစခန်းက ဖမ်းဆီးထားပြီး စစ်ဆေးနေလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍လည်း တာချီလိတ်ရွှေတိဂုံစေတီတော်၏ ဝန်ထမ်းများနှင့် အတူနေသူများနှင့် သက်ဆိုင်သူများကိုလည်း ခေါ်ယူ စစ်ဆေးနိုင်ဖွယ်ရှိသေးကြောင်း သိရသည်။

တာချီလိတ်ရွှေတိဂုံစေတီတော်၏ ယခု ကိစ္စနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေးနှင့် ပြဿနာဖြေရှင်းနိုင်ရေးအတွက် တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းကို နှင့်အဖွဲ့က  စိန်တုံး ပြန်လည် တွေ့သည်ဆိုသည့် ၂၀၂၄ခုနှစ် မတ်လ(၁၅)ရက်နေ့က တာချီလိတ်ခရိုင်/မြို့နယ် စုပေါင်းရုံးတွင် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။