ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း  မြို့နယ်(၆)မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် TNLA တို့ တိုက်ပွဲ ပြင်းထန်နေ

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း  မြို့နယ်(၆)မြို့နယ်တွင် စစ်ကောင်စီတပ် နှင့် TNLA တို့ တိုက်ပွဲ ပြင်းထန်နေ
ဒီဇင်ဘာ 14, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ ကျောက်မဲမြို့တို့တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့ ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၁၄)ရက်နေ့တွင် တိုက်ပွဲများ ဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရရှိခဲ့ကြောင်း TNLAထံမှ သိရသည်။

နမ့်ခမ်းမြို့နယ်ရှိ စစ်ကောင်စီစခန်းသစ်ကုန်းတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ Jet Fighterဖြင့် တစ်ကြိမ်၊ Y12 လေယာဥ်ဖြင့် (၁၇)ကြိမ် ဗုံး(၁၀၈)လုံး ကြဲချခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီစခန်းသစ်ကုန်းဘက်သို့ မန်တတ်စခန်းနှင့် နမ့်ဖတ်ကာတပ်စခန်းတို့မှ လက်နက်ကြီးဖြင့် (၂၃)ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

မူဆယ်မြို့နယ်ရှိ စစ်ကောင်စီ ၁၀၅ မိုင်တပ်စခန်းကို မဟာမိတ် (၃)ဖွဲ့က ပူးပေါင်းတိုက်ခိုက်‌နေပြီး စစ်ကောင်စီတပ်မှ Jet Fighterဖြင့် (၁၁)ကြိမ်၊ Mi35 ရဟတ်ယာဥ်ဖြင့် (၂)ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကာ အတွဲလိုက်ဒုံးကျည်ဖြင့် (၃)ကြိမ် (၁၂)လုံး ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

နမ့်ဆန်မြို့ မန်ခိုက်ရပ်ကွက်နှင့် ဘုရားကြီးကုန်းပေါ်တွင် စစ်ကောင်စီတပ်နှင့်TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး TNLAက စစ်ကောင်စီတပ်၏ လက်နက် (၇)လက်နှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ ကွတ်ခိုင်တပ်စခန်းကို TNLAက တိုက်ခိုက်နေပြီး မန်တုံမြို့နယ်ရှိ စစ်ကောင်စီ ခလရ-၁၃၀ တပ်စခန်းတွင်လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကျောက်မဲမြို့နယ် လွယ်ခေါ်ကျေးရွာအနီးတဝိုက်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

#TachileikNewsAgency