ကချင်ပြည်နယ်တိုက်ပွဲအတွင်း ဒဏ်ရာရသူများနေသဖြင့် ဗန်းမော်မြို့ရှိ တပ်ဆရာဝန်များကို ဆေးရုံပြင်ပ ထွက်ခွင့်ပိတ်၊ ဝိုင်းမော်မြို့ရှိ ခါရမ်တပ်စခန်းကို KIA သိမ်းပိုက်

ကချင်ပြည်နယ်တိုက်ပွဲအတွင်း ဒဏ်ရာရသူများနေသဖြင့် ဗန်းမော်မြို့ရှိ တပ်ဆရာဝန်များကို ဆေးရုံပြင်ပ ထွက်ခွင့်ပိတ်၊ ဝိုင်းမော်မြို့ရှိ ခါရမ်တပ်စခန်းကို KIA သိမ်းပိုက်

ကချင်ပြည်နယ် ဝိုင်းမော်၊ မိုးမောက်နှင့် လိုင်ဇာမြို့အနီးရှိ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ဒဏ်ရာရသူများနေသဖြင့် ဗန်းမော်မြို့ရှိ စစ်ကောင်စီ တပ်ဆရာဝန်များကို တပ်ဆေးရုံအတွင်းမှ အပြင်မထွက်ခိုင်းဘဲ အဆင်သင့်ပြင်ခိုင်းထားကြောင်း ဒေသခံများနှင့် တပ်တွင်းသတင်းအရင်းအမြစ်ထံမှ သိရသည်။

ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၇)ရက်နေ့ နံနက်ပိုင်းတွင် ဗန်းမော်မြို့အတွင်းသို့ ဒဏ်ရာရစစ်ကောင်စီတပ်သားများအား ရဟတ်ယာဉ်(၂)စီးဖြင့် နှစ်ကြိမ်ဆင်းသက်ကာ ပို့ဆောင်ထားပြီး လက်နက်ကြီးပစ်ခတ်သံမှာလည်း (၁၀)ကြိမ်အထက် ကြားရသည်ဟု ဒေသခံများက ပြောသည်။

“လောလောဆယ် မြို့ထဲကနေ အသံတွေကြားနေရတယ်။ ရဟတ်ယာဉ်နှစ်ခေါက်ရှိပြီ မနက်ကတည်းကနေ အခုထိ ရဟတ်ယာဉ်တွေ မြင်နေရတယ်ပေါ့နော်။ ဗန်းမော်မြို့ရဲ့အပေါ်မှာ ရဟတ်ယာဉ်အဆင်း၊ အတက်လုပ်တယ်။ တပ်ဆရာဝန်တွေကို တပ်ထဲကနေ ဘယ်မှမထွက်ခိုင်းဘူး။ အဆင်သင့်အနေအထားလုပ်ခိုင်းထားတယ်။ အရင်က ဗန်းမော်မြို့ထဲမှာ တပ်ဆရာဝန်တွေလာထိုင်တာရှိတယ်လေ။ အဲဒီတပ်ဆရာဝန်တွေက အခုလာမထိုင်ဘူး။ လာလို့မရတော့ဘူး။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

လိုင်ဇာမြို့အနီးနှင့် မိုးမောက်၊ ၀ိုင်းမော်မြို့နယ်တို့ရှိ စစ်ကောင်စီတပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က တိုက်ခိုက်နေရာ အဆိုပါ တပ်စခန်းများမှ ဒဏ်ရာရစစ်ကောင်စီတပ်သားများကို ဗန်းမော်ဆေးရုံသို့ ပို့ဆောင်နေခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းအရင်းအမြစ်ကပြောသည်။

“ဝိုင်းမော်က ခါရမ်တပ်စခန်း ဒီမနက် (၂၀၂၄ခုနှစ် မတ်လ(၇)ရက်) သိမ်းခံလိုက်ရပြီ။ ကျဆုံးနဲ့ ဒဏ်ရာရသူတွေ တော်တော်များပြီးတော့ ထွက်ပြေးကြရတယ်။ လေယာဉ်က ရောက်လာပေမယ့် အချိန်မမီတော့ဘူး။”ဟု တပ်တွင်းသတင်းအရင်းအမြစ်က Tachileik News Agency ကိုပြောသည်။

ဝိုင်မော်မြို့ရှိ ခါရမ်စစ်ကောင်စီတပ်စခန်း သိမ်းခံရခြင်းနှင့် စစ်ကောင်စီတပ်သားများ ထွက်ပြေးသည်မှာ မှန်ကန်ပြီး လက်ရှိတွင် လေကြောင်းမှလာရောက် ဗုံးကြဲနေသည်ဟု ဒေသခံများကလည်း Tachileik News Agencyကိုအတည်ပြုသည်။

“လေယာဉ်နဲ့လာဗုံးကြဲနေတာ။ စစ်ကောင်စီတပ်သားတွေ အခုဘယ်ကိုပြေးသွားလဲမသိဘူး။ လေယာဉ်တွေမလာခင် သိမ်းလိုက်တာ။”ဟု ဝိုင်းမော်မြို့မှ ဒေသခံတစ်ဦးက ပြောသည်။

လိုင်ဇာအနီးရှိ ရွှေညောင်ပင် ခလရ(၃၂၁)တပ်စခန်း၊ ရှဒန်ပါတပ်စခန်း၊ အင်တပ်ဘွမ်တပ်စခန်းနှင့် အင်လုံခ၊ ဘွမ်ရေဘွမ်၊ ခရဘွမ်၊ ဖွန်ဘန်ဘွမ်တပ်စခန်းများကိုလည်း KIAက တပြိုင်တည်းတိုက်ခိုက်နေသည်ဟု သိရသည်။

#TachileikNewsAgency