ချင်းအမျိုးသားတပ်ဦးက အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို တဆင့်ချင်း အကောင်အထည်ဖော်သွားမည်ဟု ဆို

ချင်းအမျိုးသားတပ်ဦးက အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို တဆင့်ချင်း အကောင်အထည်ဖော်သွားမည်ဟု ဆို

 အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် ပြည်သူများဆုံးရှုံးခဲ့သော လူမှုဘဝ ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံရေး ဦးတည်ချက်၊ ယုံကြည်ချက်နှင့် ခံယူချက်တူညီသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များ ပါဝင်စေလျက် ချင်းလဲန်အတွင်း အုပ်ချုပ်ရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို တဆင့်ချင်း အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း ယနေ့ မတ်လ (၂၀)ရက်နေ့တွင် ကျရောက်သည့် (၃၅)နှစ်မြောက် ချင်းတော်လှန်ရေးနေ့ ထုတ်ပြန်ကြေညာချက်တွင် ချင်းအမျိုးသားတပ်ဦး (CNF)က ပြောသည်။ 

ချင်းအမျိုးသားတပ်ဦးနှင့် ချင်းတပ်မတော်သည် ပြည်သူ့တော်လှန်ရေးလမ်းစဉ်ကို အခိုင်အမာ ကိုင်စွဲပြီး စစ်အာဏာရှင် စနစ်ကို အမြစ်ပြတ်ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် တော်လှန်တိုက်ပွဲဝင်ရာတွင် နိုင်ငံရေးရပ်တည်ချက် တူညီသော မည်သည့်နိုင်ငံ၊ အဖွဲ့အစည်းလူပုဂ္ဂိုလ်များနှင့်မဆို လက်တွဲကာ အဆုံးတိုင် တိုက်ပွဲဝင်သွားမည် ဖြစ်ကြောင်းလည်း ဆိုထားသည်။

ယနေ့သည် စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ် ချေမှုန်း၍ ချင်းအမျိုးသားများ၏ ကိုယ်ပိုင်ပြဌာန်းခွင့် ပြန်လည်ရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ချင်းအမျိုးသား လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည့် (၃၅) နှစ်ပြည့် ချင်းတော်လှန်ရေးနေ့ဖြစ်ပြီး တော်လှန်ရေးကာလအတွင်း အသက်ပေးလှူသွားကြသည့် အာဇာနည် ရဲဘော်၊ရဲမေများ ချင်းအမျိုးသားပြည်သူများအား ဦးညွတ်ဂါရဝ ပြုပါသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

အကြမ်းဖက်စစ်ကောင်စီအား တော်လှန်တိုက်ပွဲဝင်ရာတွင် ချင်းအမျိုးသားပြည်သူများ၏ အနစ်နာခံမှု ပိုးကူညီမှု နှင့် ပေးဆပ်မှုများအပေါ် အထူး ဂုဏ်ယူလေးစားကြောင်း၊ အကြမ်းဖက်စစ်အာဏာရှင်အုပ်စုမှ ၂၀၂၁ ခုနှစ် အာဏာ သိမ်းယူပြီးနောက်ပိုင်း နိုင်ငံရေး၊ စစ်ရေးအကြပ်အတည်းကြောင့် လူမှုဒုက္ခပေါင်းစုံနှင့် ရင်ဆိုင်နေရသော ချင်းပြည်သူနှင့် တစ်နိုင်ငံလုံး ပြည်သူများအား စာနာ နားလည်ပေးပါကြောင်း အလေးအနက် ဖော်ပြထားသည်။

ချင်းအမျိုးသားများ ဆုံးရှုံးနစ်နာခဲ့သော အခွင့်အရေးများအတွက် နိုင်ငံရေးစစ်ရေးအပြင် သံရေးတမန်ရေး လှုပ်ရှားမှုအရှိန်ကို တိုးမြှင့် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ယခု ဆင်နွှဲနေသော တော်လှန်ရေးတိုက်ပွဲတွင် ပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့် မိမိကျွမ်းကျင်မှုအလိုက် အရေးတော်ပုံအောင်မြင်သည်အထိ လက်တွဲ တိုက်ပွဲဝင်ကြရန်နှင့် တဆက်တည်းတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ဆောင်ခြင်း အခွင့်အရေးတောင်းဆိုမှုများကို အထူးရှောင်ရှားကြပါရန် CNFက အလေးအနက် တိုက်တွန်းထားသည်။