ထိုင်းနိုင်ငံ အထက်လွှတ်တော်အမတ်များက Pita ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံရန် မဆုံးဖြတ်ရသေးဟုဆို

ထိုင်းနိုင်ငံ အထက်လွှတ်တော်အမတ်များက Pita ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံရန် မဆုံးဖြတ်ရသေးဟုဆို
By Mr John

ထိုင်းနိုင်ငံ အထက်လွှတ်တော် (Senate) ၏ လွှတ်တော်အမတ်အများစုက ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ၏ ခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံသွားရန် မဆုံးဖြတ်ရသေးကြောင်း မကွယ်မဝှက်တမ်း ပြောဆိုတတ်သည့် အထက်လွှတ်တော်အမတ် Wanchai Sornsiri ပြောသည်။ 

အထက်လွှတ်တော်အမတ်များက လာမည့် မေလ (၂၆) ရက်နေ့တွင် ထိုကိစ္စနှင့်ပတ်သက်၍ သဘောထားအမြင်များ ဖလှယ်ကြမည်ဟုလည်း ၎င်းကဆိုသည်။

သို့သော် ၎င်းတို့၏ အမြင်များမှာ ၎င်းတို့၏ နောက်ဆုံး ရပ်တည်ချက် သို့မဟုတ် မည်သို့ မဲပေးရွေးချယ်မည်ကို ကိုယ်စားပြုဖော်ပြခြင်း မဟုတ်ကြောင်း Wanchai က ပြောသည်။ 

အထက်လွှတ်တော်အမတ်များထံတွင် Pita ကို ဝန်ကြီးချုပ်အဖြစ် မဲပေးထောက်ခံခြင်း၊ ၎င်းကို မဲမပေးခြင်း သို့မဟုတ် မည်သူ့ကိုမျှ မဲမပေးဘဲ ကြားနေခြင်းဟူ၍ ရွေးချယ်မှု (၃) ခုရှိကြောင်း Wanchai က ဆိုသည်။

သို့သော် အထက်လွှတ်တော်အမတ် အများစုက မည်သို့ ဆုံးဖြတ်ကြမည်ကို ပြောရန်ခက်ကြောင်းနှင့် အများအပြားက မဲပေးသည့်နေ့ မရောက်မီအထိ ဆုံးဖြတ်ချက်ချလိမ့်မည်မဟုတ်ဟု ၎င်းကပြောသည်။ 

၎င်းအနေဖြင့်မူ ၎င်း၏စကားအတိုင်း ရပ်တည်၍ အောက်လွှတ်တော်အမတ်နေရာ (၂၅၀) ရရှိသော ညွန့်ပေါင်းအုပ်စု အမည်တင်သွင်းသည့် ဝန်ကြီးချုပ်လောင်းကို မဲပေးသွားမည်ဟုလည်း အထက်လွှတ်တော်အမတ် Wanchai က ဆိုသည်။

Pita ၏ Move Forward ပါတီ ဦးဆောင်သည့် နိုင်ငံရေးပါတီ (၈) ခု ပူးပေါင်းပါဝင်သော ညွန့်ပေါင်းအုပ်စုက အောက်လွှတ်တော်တွင် အမတ်နေရာ (၃၁၃) နေရာ ရရှိထားသည်။ 

Pita ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်နိုင်ရန် အမတ် (၇၅၀) ပါဝင်သည့် အမျိုးသားလွှတ်တော် (National Assembly) ၏ ထောက်ခံမဲ (၃၇၆) မဲ ရရှိရန် လိုအပ်သည်။ 

အမျိုးသားလွှတ်တော်တွင် အထက်လွှတ်တော် အမတ် (၂၅၀) နှင့် အောက်လွှတ်တော် အမတ် (၅၀၀) တို့ ပါဝင်သည်။

လွှတ်တော်တွင် မဲပေးရာ၌ အထက်လွှတ်တော်အမတ်များက Pita အနေဖြင့် iTV ရုပ်သံထုတ်လွှင့်မှုကုမ္ပဏီတွင် ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း စွပ်စွဲချက်များကို ထည့်သွင်းစဥ်းစားဖွယ်မရှိကြောင်းနှင့် ထိုကိစ္စကို သက်ဆိုင်ရာ အာဏာပိုင်များထံ လွှဲအပ်ထားသင့်ကြောင်း Wanchai က ပြောသည်။ 

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မီဒီယာကုမ္ပဏီတစ်ခုတွင် ရှယ်ယာများ ပိုင်ဆိုင်ထားသည့် ကိုယ်စားလှယ်လောင်းတစ်ဦးကို ‌ရွေးကောက်ပွဲ ဝင်ရောက်ယှဥ်ပြိုင်မှုကနေ တားမြစ်ပိတ်ပင်ထားသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူ Ruangkrai Leekitwattana က Move Forward ပါတီခေါင်းဆောင် Pita မှာ iTV တွင် ရှယ်ယာ (၄၂,၀၀၀) ပိုင်ဆိုင်ကြောင်း ပြောဆိုထားပြီး ထိုကိစ္စကို စုံစမ်းစစ်ဆေးရန် ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြထားကြောင်း သိရသည်။ 

Move Forward ပါတီက ဘုရင်စနစ်ကို စော်ကားမှုဆိုင်ရာ ဥပဒေဟုလည်း သိထားကြသည့် ရာဇဝတ်ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ (၁၁၂) ကို ပြင်ဆင်ရန် မူဝါဒတစ်ရပ် ရှိနေခဲ့ရာ အထက်လွှတ်တော်အမတ်များကြား သဘောမတူမှုများလည်း ရှိနေသည်။

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီက ဦးဆောင်လာမည့် ထိုင်းနိုင်ငံ၏ အစိုးရအဖွဲ့သစ်ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ဒုတိယပတ်တွင် အတည်ပြု ခန့်အပ်ရန် မျှော်မှန်းထားကြောင်း ယာယီအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် Anucha Burapachaisri က မေလ (၂၃) ရက်နေ့တွင် ‌ပြောထားသည်။ 

Move Forward က အခြား မဟာမိတ်ပါတီများဖြစ်သည့် Pheu Thai ၊ Prachachat ၊ Thai Sang Thai, Seri Ruam Thai (Thai Liberal) ၊ Fair ၊ Plung Sungkom Mai (New Force) နှင့် Pheu Thai Rumphlang တို့နှင့် ပူးပေါင်း၍ ညွန့်ပေါင်းအစိုးရဖွဲ့ရန် စီစဥ်နေသည်။

ဆက်စပ်သတင်းအရ ညွန့်ပေါင်းအုပ်စုတွင် ပါဝင်သည့် Pheu Thai ပါတီက ၎င်းတို့အနေဖြင့် အောက်လွှတ်တော်ဥက္ကဌ ရာထူးနေရာကို ရရှိသင့်ကြောင်းနှင့် ထိုရာထူးနေရာအတွက် Move Forward ထက် ၎င်းတို့ထံတွင် သင့်တော်သောလူများ ပိုမိုရှိထားသည်ဟု Pheu Thai ပါတီမှ ရွေးကောက်ခံ လွှတ်တော်အမတ် Adisorn Piangket က ပြောကြားကြောင်း သိရသည်။

Source: Bangkok Post