ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးသည်ဆိုသည်မှာ သတင်းအမှား

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးသည်ဆိုသည်မှာ သတင်းအမှား

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား မြန်မာ့တပ်မတော်က ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့ ညပိုင်းတွင် ပြန်လည်လွှတ်ပေးလိုက်ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီး အဆိုပါ သတင်းမှာ အမှားသာဖြစ်ကြောင်း သိရသည်။

"အမေစု လွှတ်ပြီဆိုတာ ကြားလို့ ရွှေဂုံတိုင်က NLD ရုံးချုပ်ကို သွားတာ။ မရောက်ခဲ့ဘူး၊ ဘာလို့လဲဆိုတော့ သူတို့က (၁၂)နာရီမထွက်ရလို့ အမိန့်ထုတ်ထားတဲ့အတွက် ကျွန်မတို့ သွားချိန်မှာ ရုံးချုပ်က ပြန်လာတဲ့ ကားတွေက နင်တို့ ပြန်လှည့်ပြန်လှည့် ဟိုမှာ ပစ်မိန့်ပေးထားတယ်ပြောပြီး ပြန်လှည့်ခိုင်းတာ၊ ရုံးချုပ်က ပြန်လာတဲ့ ကားတွေက ပြန်ပြောကြတာ (၁၂)နာရီ မထိုးခင် အိမ်အရောက်ပြန်တော့ အမေစုလွှတ်တယ်ဆိုတာ သတင်းအမှားဆိုပြီး ပြန်ပြောတာ။ အခုက သတင်းအမှားဆိုတော့ မနက်ဖြန်တော့ စီစဉ်ထားတဲ့အတိုင်းပဲ ထွက်ကြမှာ"ဟု  မြောက်ဒဂုံတွင် နေထိုင်သူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဖေဖော်ဝါရီလ(၆)ရက်နေ့ ည(၁၁)နာရီခွဲအချိန်က ပြောသည်။

ရန်ကုန်မြို့တွင် ဖေဖော်ဝါရီလ(၇)ရက်နေ့၌ လူအင်အားများစွာဖြင့် ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားသည့်အတွက်  လူစုကွဲစေရန် ယခုလို သတင်းအမှားဖြန့်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

ဖေဖော်ဝါရီလ(၆)ရက်နေ့တွင် ရန်ကုန် အပါအဝင် မန္တလေး နှင့် မကွေးတို့တွင် လူအင်အားများစွာဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

Tachileik News Agency

Ko Zaung is the editor-in-chief of Tachileik News Agency.