နိုင်ငံ (၃၀) ပါဝင်သည့် အာရှဒေသတွင်း အကြီးမားဆုံး Cobra Gold စစ်ရေးလေ့ကျင့်မှု ထိုင်းနိုင်ငံတွင် စတင်

Photo: Public Relations Office, Directorate of Joint Civil Affairs,
Photo: Public Relations Office, Directorate of Joint Civil Affairs,
နိုင်ငံ (၃၀) ပါဝင်သည့် အာရှဒေသတွင်း အကြီးမားဆုံး Cobra Gold စစ်ရေးလေ့ကျင့်မှု ထိုင်းနိုင်ငံတွင် စတင်
By Mr John

အာရှဒေသတွင်း အကြီးမားဆုံး နိုင်ငံတကာ စစ်ရေးလေ့ကျင့်မှုဖြစ်သည့် Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ထိုင်းနိုင်ငံတွင် ပြုလုပ်နေပြီ ဖြစ်သည်။ 

ယခုနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်စစ်တပ်က ဆယ်စုနှစ် တစ်ခုအတွင်း စစ်သည်အရေအတွက် အများဆုံးအဖြစ် ပါဝင်ခဲ့သည်။ 

တရုတ်နိုင်ငံနှင့် ပထဝီနိုင်ငံရေး အားပြိုင်မှု မြင့်တက်နေချိန်တွင် အမေရိကန်က ၎င်း၏ အဓိက လုံခြုံရေးမိတ်ဖက်ဖြစ်သည့် ထိုင်းနိုင်ငံနှင့် ဆက်ဆံရေးခိုင်မာရန် ဆောင်ရွက်နေခဲ့သည်။ 

၂၀၂၃ ခုနှစ်၏ Cobra Gold စစ်ရေးလေ့ကျင့်မှုကို ဖေဖေါ်ဝါရီလ (၂၇) ရက်နေ့က  Rayong ပြည်နယ်တွင် စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် မတ်လ (၁၀) ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်သည်။

ယခုစစ်ရေးလေ့ကျင်မှုတွင် နိုင်ငံ (၃၀) မှ စစ်သည်များ ပါဝင်ကြသော်လည်း ထိုင်းနှင့်အိမ်နီးချင်း မြန်မာနိုင်ငံမှ အာဏာသိမ်းစစ်တပ် ပါဝင်ခွင့်မရခဲ့ဟု ဆိုသည်။ 

နိုင်ငံအများအပြား ပါဝင်ကြသည့် Cobra Gold စစ်ရေးလေ့ကျင့်မှုကို ဆယ်စုနှစ်များကြာ နှစ်စဥ် ပြုလုပ်လာခဲ့သည်။ 

COVID-19 ကပ်ရောဂါအလွန် ယခုနှစ်တွင် ယခင်က ပြုလုပ်ခဲ့သည့်အတိုင်း အကြီးစား စစ်ရေးလေ့ကျင်မှု ပြန်လည်လုပ်ဆောင်ခြင်း ဖြစ်သည်။ 

(၄၂) ကြိမ်မြောက်အဖြစ် ပြုလုပ်သည့် ယခုနှစ် Cobra Gold စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန်စစ်သည် (၆,၀၀၀) ကျော်အထိ ပါဝင်နေကြောင်းလည်း သိရသည်။

စစ်ရေးလေ့ကျင့်မှုတွင် ထိုင်းစစ်သည် (၃,၀၀၀) ခန့် ပါဝင်သွားမည်ဟု ထိုင်းတော်ဝင်စစ်တပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Thitichai Tianthong က ပြောသည်။ 

နိုင်ငံ (၃၀) အနက်မှ (၇) နိုင်ငံဖြစ်သည့် အမေရိကန်၊ စင်ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယား၊ မလေးရှားနှင့် ထိုင်းတို့က Lop Buri ၊ Chanthaburi ၊ Sa Kaeo နှင့် Rayong ပြည်နယ်များတွင် ပြုလုပ်သွားမည့် ဘက်စုံစစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ကြမည် ဖြစ်သည်။ 

Cobra Gold စစ်ရေးလေ့ကျင့်မှု၏ Multinational Planning Augmentation Team (MPAT) တွင် ဘင်္ဂလားဒေ့ရှ်၊ ကနေဒါ၊ ပြင်သစ်၊ မွန်ဂိုလီးယား၊ နီပေါ၊ နယူးဇီလန်၊ ဖီဂျီ၊ ဘရူနိုင်းနှင့် ဗြိတိန်တို့ ပါဝင်ကြသည်။

နောက်ထပ် (၁၀) နိုင်ငံဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဘရာဇီး၊ ပါကစ္စတန်၊ ဗီယက်နမ်၊ ဂျာမနီ၊ ဆွီဒင်၊ ဂရိ၊ ကူဝိတ်နှင့် သီရိလင်္ကာတို့က Combined Observer Liaison Team (Colt) တွင် ပါဝင်ကြမည်ဟု ဆိုသည်။ 

တရုတ်၊ အိန္ဒိယနှင့် ဩစတြေးလျနိုင်ငံတို့ကမူ လူသားချင်းစာနာထောက်ထားမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးအတွက် လေ့ကျင့်မှုဖြစ်သည့် Humanitarian and Disaster Relief (HADR) တွင်သာ ပါဝင်ကြကြောင်း သိရသည်။

Source: Bangkok Post, Khaosod