တိုက်ပွဲများဖြစ်နေ၍ အမ်း-ပဒါန်းကားလမ်းကို အကန့်အသတ်မရှိပိတ်ကြောင်း AA ထုတ်ပြန်

တိုက်ပွဲများဖြစ်နေ၍ အမ်း-ပဒါန်းကားလမ်းကို အကန့်အသတ်မရှိပိတ်ကြောင်း AA ထုတ်ပြန်

မကွေးတိုင်းတိုင်းနှင့် ရခိုင်ပြည်နယ် အမ်းမြို့ကို ဆက်သွယ်ထားသည့် လမ်းတွင် တိုက်ပွဲများဖြစ်ပွားလာသဖြင့် အမ်း-ပဒါန်းကားလမ်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်က ယနေ့ ၂၀၂၄ ခုနှစ် ဧပြီလ(၂)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်းကိုဆက်သွယ်ထားသော ကားလမ်းတွင် စစ်ကောင်စီသည် စစ်အင်အားတိုးချဲ့ခြင်း၊ တပ်ရွေ့ပြောင်းခြင်း၊ ရိက္ခာနှင့် စစ်လက်နက်ခဲယမ်းများကို အရပ်သားကားများဖြင့် သယ်ဆောင်ခြင်း၊ လမ်းဘေးဝဲယာတလျောက် စွန့်လွှတ်မိုင်းများ ထောင်ထားခြင်းကြောင့် လမ်းကို အကန့်အသတ်မရှိ ပိတ်မည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ(၂၆)ရက်နေ့မှစတင်၍ အမ်းနှင့် မကွေးကြားတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ယနေ့အထိလည်း ဆက်လက်ဖြစ်ပွားနေသည်ဟု ဆိုသည်။

နိုင်ငံအနှံ့ တော်လှန်ရေးအဖွဲ့အစည်းများအပေါ် စစ်ရေးအရ ရှုံးနိမ့်နေသည့် စစ်ကောင်စီတပ်သည် စစ်ရေးတွင်မက သံတမန်ရေးတွင်ပါ ရှုံးနိမ့်နေသည့်တိုင် ပြည်သူများအပေါ် အကြမ်းဖက်သည့်လုပ်ရပ်၊ ပြည်သူကို ဦးတည်တိုက်ခိုက်သတ်ဖြတ်သည့်လုပ်ရပ်၊ စစ်ရာဇဝတ်မှုကျူးလွန်သည့်လုပ်ရပ်များကို ဆက်တိုက်ကျူးလွန်နေဆဲဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ပြည်သူလူထုအား စစ်မှုမထမ်းမနေရ ဥပဒေကို ခုတုံးလုပ်ပြီး လူသားဒိုင်းကာအဖြစ် အသုံးချခြင်းနှင့် ပြည်သူလူထုအတွင်းသို့ အကြောက်တရားထိုးသွင်းခြင်းကို ဆက်တိုက်လုပ်ဆောင်နေသည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency