စစ်ကောင်စီတပ်သားများ အသုံးစရိတ် လိုအပ်ပါက  CDF မင်းတပ်ထံ ကျည်များ  ရောင်းစားနိုင်

စစ်ကောင်စီတပ်သားများ အသုံးစရိတ် လိုအပ်ပါက  CDF မင်းတပ်ထံ ကျည်များ  ရောင်းစားနိုင်
ဖေဖော်ဝါရီ 7, 2022 | အခြားဒေသများ

ချင်းပြည်နယ်နှင့် မကွေးတိုင်းတို့ရှိ စစ်ကောင်စီတပ်သားများ အနေဖြင့် အသုံးစရိတ် လိုအပ်ပါက ကျည်ဆံများကို ရောင်းချနိုင်ကြောင်း CDF မင်းတပ်က ယနေ့ ဖေဖော်ဝါရီလ(၇)ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

ချင်းပြည်နယ်၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက် နှင့် မကွေးတိုင်း၊ ကျောက်ထု၊ ဆော၊ ဂန့်ဂေါနှင့် ထီးလင်း စသည့် မြို့နယ်များရှိ စစ်ကောင်စီတပ်၏ ရဲဘော်များအနေဖြင့် အသုံးစရိတ်များလို အပ်ပါက MA ကျည် 40 MM နှင့် 60 MM တို့ကို ရောင်းချမည်ဆိုပါက CDF မင်းတပ် ၏ ဖုန်း 09448685594 သို့  ဆက်သွယ်ရောင်းချနိုင်သည်ဟု အသိပေးထားခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ(၃)ရက်က မတူပီမြို့နယ်အတွင်း နယ်မြေခံတပ်ဖြစ်သည့် အမှတ်(၃၀၄)ခြေမြန်တပ်ရင်းမှ ဒုတပ်ကြပ် ဆန်းလင်းထွေးသည် ဖေဖော်ဝါရီလ(၃)ရက်နေ့က လက်နက် အပြည့်အစုံဖြင့်  CDF-Matupi ထံ အလင်းဝင်လာမှုများရှိခဲ့ပြီး ၎င်းအား လွတ်မြောက်နယ်မြေသို့ ဘေးကင်းစွာ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း  CDF-Matupi က ထုတ်ပြန်ထားရှိသည်။

ဖေဖော်ဝါရီလ (၂)ရက်နေ့က မင်းတပ်မြို့၊  (၃၂)မိုင်နှင့် မိုင် (၃၀)တိုက်ပွဲတွင် စစ်ကောင်စီတပ်သား(၆)ဦးသေပြီး ဒဏ်ရာရသူများလည်းရှိကာ MA 3 တစ်လက် သိမ်းယူရရှိခဲ့ကြောင်း CDF မင်းတပ်က ထုတ်ပြန်ထားသည်။