အီရန်အစိုးရက ဆန္ဒပြမှုများနှင့် ပတ်သက်၍ နောက်ထပ် လူ (၃) ဦးကို ကွပ်မျက်

အီရန်အစိုးရက ဆန္ဒပြမှုများနှင့် ပတ်သက်၍ နောက်ထပ် လူ (၃) ဦးကို ကွပ်မျက်
By Mr John

 

အီရန်အစိုးရက ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတဝန်း ပေါ်ပေါက်ခဲ့သော ဆန္ဒပြမှုများတွင် ပါဝင်ခဲ့မှုဖြင့် နောက်ထပ် အမျိုးသား (၃) ဦးကို ကွပ်မျက်လိုက်ကြောင်း Mizan News သတင်းဌာနက မေလ (၁၉) ရက်နေ့ ဖော်ပြထားသည်။

ထိုအမျိုးသား (၃) ဦးက ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း Isfahan မြို့တွင် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင် (၃) ဦး သေဆုံးခဲ့သည့် တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အီရန်အစိုးရကို သေဒဏ်စီရင် ကွပ်မျက်မှုများ မလုပ်ဆောင်ရန် မေလ (၁၈) ရက်နေ့တွင် တိုက်တွန်းခဲ့ပြီး အတုအယောင် ကြားနာစစ်ဆေးမှုများအဖြစ် ပြောဆိုခဲ့သည်။ 

လူ့အခွင့်အရေးအုပ်စု Amnesty International ကလည်း ကွပ်မျက်ခံရသည့် အမျိုးသားများမှာ စောင်ကြည့်လေ့လာမှု မရှိသည့် လုပ်ငန်းစဥ်ဖြင့် အမြန်တရားစီရင်ခံခဲ့ရကြောင်း ထောက်ပြခဲ့သည်။

အီရန်အစိုးရက ၂၀၂၂ ခုနှစ်တွင် အနည်းဆုံး လူ (၅၈၂)ဦးကို ကွပ်မျက်ခဲ့ပြီး ၂၀၂၁ ခုနှစ်ကထက် (၇၅) ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း လူ့အခွင့်အရေးအုပ်စုများက ပြောသည်။ 

ထိုအရေအတွက်မှာ ၂၀၁၅ ခုနှစ်နောက်ပိုင်း အီရန်တွင် ကွပ်မျက်မှုအရေအတွက် အများဆုံးဖြစ်ကြောင်း နော်ဝေအခြေစိုက် Iran Human Rights (IHR) နှင့် ပြင်သစ်အခြေစိုက် Together Against the Death Penalty (ECPM) အုပ်စုတို့က ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။



အီရန်တွင် ဦးခေါင်းကို ပဝါမခြုံမှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားစဥ် အသက် (၂၂) နှစ်အရွယ် ကာဒစ်-အီရန်အမျိုးသမီး Masha Amini သေဆုံးခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်း အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများ အကြီးအကျယ် ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံတဝန်းသို့ ပျံ့နှံ့သွားခဲ့သည်။

အီရန်လုံခြုံရေးတပ်ဖွဲ့က အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ကလေး (၆၈)ဦး အပါအဝင် ဆန္ဒပြသူ အနည်းဆုံး (၅၀၀) ကျော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၆၈) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

အီရန်တွင် ၂၀၁၉ ခုနှစ်က ဓာတ်ဆီဈေးနှုန်း မြင့်တက်မှုကို ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့ရာ အစိုးရ အင်အားသုံး ဖြိုခွင်းမှုကြောင့် လူ (၁,၅၀၀) သေဆုံးခဲ့ဖူးသည်။

Source: CNN