ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူမှု၌ မြန်မာနိုင်ငံသားများက တတိယနေရာတွင် ရပ်တည်ပြီး အမြင့်ဆုံး ဈေးနှုန်းဖြင့် ဝယ်ယူခဲ့

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ကွန်ဒိုဝယ်ယူမှု၌ မြန်မာနိုင်ငံသားများက တတိယနေရာတွင် ရပ်တည်ပြီး အမြင့်ဆုံး ဈေးနှုန်းဖြင့် ဝယ်ယူခဲ့

ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု စာရင်း၌ မြန်မာနိုင်ငံသားများက တတိယနေရာတွင် ရပ်တည်ခဲ့သည်။ 

နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုတွင် ဈေးနှုန်းအားဖြင့် မြန်မာနိုင်ငံသားများက အမြင့်ဆုံး ပျမ်းမျှဈေးနှုန်းဖြင့် ဝယ်ယူခဲ့ကြကြောင်းလည်း ထိုင်းနိုင်ငံ အိမ်ခြံမြေ သတင်းအချက်အလက်ဌာန Real Estate Information Center (REIC) ၏ အချက်အလက်များအရ သိရသည်။

REIC မှာ ထိုင်းအစိုးရပိုင် အစိုးရအိမ်ရာဘဏ်က စီမံခန့်ခွဲနေသည့် ဌာနတစ်ခုလည်း ဖြစ်သည်။ 

ဗီဇာကင်းလွတ်ခွင့်ပြုမှုနှင့် ပထဝီနိုင်ငံရေး ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်လိုအားမှာ COVID-19 ကပ်ရောဂါ မတိုင်မီ ကာလကထက် ပိုမိုမြင့်တက်ခဲ့ကြောင်း REIC က ဆိုသည်။ 

REIC က ပြုစုထားသည့် အချက်အလက်များအရ ထိုင်းနိုင်ငံတွင် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံခြားသားများက ကွန်ဒိုတိုက်ခန်း စုစုပေါင်း (၁၄,၄၄၉) ခန်း ဝယ်ယူခဲ့ပြီး တန်ဖိုးအားဖြင့် ဘတ် (၇၃.၂) ဘီလီယံဖြစ်ကြောင်း သိရသည်။

ထိုပမာဏမှာ ၂၀၂၂ ခုနှစ်ကထက် (၂၅) ရာခိုင်နှုန်း မြင့်တက်လာခြင်း ဖြစ်ကြောင်း တွေ့ရသည်။ 

၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံသားများက ထိုင်းနိုင်ငံတွင် ကွန်ဒိုတိုက်ခန်း (၆,၆၁၄) ခန်း သို့မဟုတ် စုစုပေါင်း အရေအတွက်၏ (၄၆) ရာခိုင်နှုန်း ဝယ်ယူထားရာ တန်ဖိုးအားဖြင့် ဘတ် (၃၄.၁) ဘီလီယံ ဖြစ်ကြောင်း REIC က အိမ်ခြံမြေပိုင်ဆိုင်မှုဆိုင်ရာ မှတ်ပုံတင်စာရင်း အချက်အလက်များကို ကိုးကားဖော်ပြသည်။

ရုရှားနိုင်ငံသားများက REIC စာရင်း၏ ဒုတိယနေရာတွင် ရပ်တည်နေပြီး ကွန်ဒိုတိုက်ခန်း (၁,၂၆၀) ခန်း ဝယ်ယူခဲ့ကြသည်။ 

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု စာရင်း၌ တရုတ်နှင့် ရုရှား နိုင်ငံသားများပြီးလျှင် မြန်မာနိုင်ငံသားများနှင့် အမေရိကန်နိုင်ငံသားများက တတိယနှင့် စတုတ္တနေရာတို့တွင် အသီးသီး ရပ်တည်နေကြောင်း သိရသည်။ 

နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှုတွင် ဈေးနှုန်းအားဖြင့် မြန်မာနိုင်ငံသားများက အမြင့်ဆုံး ပျမ်းမျှဈေးနှုန်းဖြစ်သည့် ကွန်ဒိုတိုက်ခန်းတစ်ခန်းလျှင် ဘတ် (၆.၆) သန်းဖြင့် ဝယ်ယူခဲ့ကြကြောင်း REIC က ပြောထားသည်။

နိုင်ငံခြားသားများ ဝယ်ယူခဲ့သည့် ကွန်ဒိုတိုက်ခန်း စုစုပေါင်း အရေအတွက်၏ (၄၁) ရာခိုင်နှုန်းခန့်မှာ အပန်းဖြေမြို့လည်းဖြစ် စက်မှုဇုန် အများအပြားရှိသည့် ပတ္တရားမြို့ တည်ရှိရာ ချောင်ဘူရီပြည်နယ်တွင် ဖြစ်သည်။ 

နိုင်ငံခြားသားများ ကွန်ဒိုတိုက်ခန်း ဝယ်ယူမှု၏ (၃၈) ရာခိုင်နှုန်းမှာ ဘန်ကောက်တွင် ဖြစ်ကြောင်း REIC က ပြောသည်။ 

နိုင်ငံခြားသားများ ဝယ်ယူခဲ့သည့် ကွန်ဒိုတိုက်ခန်း စုစုပေါင်း၏ (၅၀) ရာခိုင်နှုန်းနီးပါးမှာ ဘတ် (၃) သန်းထက် မပိုသော ဈေးနှုန်းဖြစ်ကြောင်းလည်း သိရသည်။

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် အခြား နိုင်ငံအချို့မှ ခရီးသွားများအတွက် ယာယီ ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ (၁) ရက်နေ့မှစ၍ တရုတ်နှင့် အမြဲတမ်း အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် စတင်ခဲ့ခြင်းတို့က ကွန်ဒိုတိုက်ခန်းရောင်းအားကို မြင့်တက်လာစေခဲ့ကြောင်း REIC က ဆိုသည်။ 

 

Source: Bangkok Post