ရုရှားက နျူးကလီးယားထိပ်ဖူး သယ်ဆောင်ပစ်ခတ်နိုင်သည့် ဒုံးကျည် စမ်းသပ် ပစ်လွှတ်

ရုရှားက နျူးကလီးယားထိပ်ဖူး သယ်ဆောင်ပစ်ခတ်နိုင်သည့် ဒုံးကျည် စမ်းသပ် ပစ်လွှတ်
By Mr John

 ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေချိန်အတွင်း ရုရှားက ၎င်း၏ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်ကို စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း သိရသည်။

နျူးကလီးယားထိပ်ဖူး သယ်ဆောင် ပစ်လွှတ်နိုင်သည့် Sarmat တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံးအကြိမ် စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ဧပြီ (၂၀) ရက်တွင် ရုရှားက‌ ပြောခဲ့သည်။

ယခု ဒုံးကျည်က ရုရှား၏ နျူးကလီယားလက်နက်တိုက်တွင် အသစ်ထပ်တိုးလာခြင်းလည်း ဖြစ်သည်။



ဒုံးကျည်သစ်က ရုရှား၏ ရန်သူတွေကို စဥ်းစားစရာတစ်ခု ပေးလိမ့်မည်ဟု သမ္မတဗလာဒီမာပူတင်က ပြောသည်။

Sarmat ဒုံးကျည်ကို နိုင်ငံအနောက်မြောက်ပိုင်းရှိ Plesetsk ပင်လယ်ဆိပ်ကမ်းနေရာမှ ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး အရှေ့ဘက်စွန်းပိုင်း Kamchatka ကျွန်းဆယ်ရှိ ပစ်မှတ်များကို ထိမှန်ခဲ့သည်ဟု ရုရှားစစ်တပ်က ဆိုသည်။

ရုရှား၏ Sarmat ဒုံးကျည်တည်ဆောက်မှုမှာ နှစ်များကြာပြီဖြစ်ရာ ယခု စမ်းသပ်ပစ်လွှတ်မှုက အနောက်အုပ်စုအတွက် အံ့အားသင့်စရာတစ်ခု မဟုတ်သော်လည်း  ရုရှားက ယူကရိန်းကို ကျူးကျော်စစ်ဆင်ခဲ့မှုကြောင့် ပထဝီနိုင်ငံရေးအရ အလွန်တင်းမာနေချိန်တွင် ဒုံးကျည်စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။



ဒုံးကျည်အသစ်က နည်းဗျူဟာပိုင်းနှင့် နည်းပညာပိုင်း အဆင့်အမြင့်ဆုံးဖြစ်ပြီး ခေတ်မီ ဒုံးကျည်ကာကွယ်ရေးစနစ် အားလုံးကို ကျော်လွှားနိုင်စွမ်းရှိကြောင်း၊ ကမ္ဘာမှာ အလားတူ ဒုံးကျည်မျိုး မရှိကြောင်း နှင့် လာမည့် အချိန်ကာလရှည်တစ်ခုအတွင်း ရှိလာမည်လည်း မဟုတ်ကြောင်း သမ္မတပူတင်က ဆိုသည်။

"တစ်ကယ့်ကို ထူးခြားပြိုင်ဘက်ကင်းတဲ့ ဒီလက်နက်က ကျနော်တို့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို အားကောင်းလာစေမယ်၊ ပြင်ပခြိမ်းခြောက်မှုတွေကနေ ရုရှားရဲ့ လုံခြုံရေးကို စိတ်ချရစေဖို့ ယုံကြည်အားထားရပြီး ကျနော်တို့နိုင်ငံကို ခြိမ်းခြောက်ဖို့ကြိုးစားနေသူတွေအတွက် စဥ်းစားတွေးတောစရာ ဖြစ်စေမယ်" ဟု ပူတင်က ပြောသည်။



အမေရိကန်ကွန်ဂရက်လွှတ်တော် သုတေသနဌာ U.S. Congressional Research Service ၏ အဆိုအရ Sarmat ဒုံးကျည်သည် အင်အားကြီးသည့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အသစ်ဖြစ်ပြီး ရုရှားက ဒုံးကျည်တစ်ခုစီတွင် ပေါက်ကွဲနိုင်သည့်ထိပ်ဖူး (၁၀) ခု သို့မဟုတ် ထို့ထက်ပိုသည့်အရေအတွက် တပ်ဆင်ရန် မျှော်လင့်ထားကြောင်း သိရသည်။



Sarmat ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ရာ မိုင်ပေါင်း (၃,၇၀၀) အကွာအဝေး ရောက်ရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

"Sarmat က အားအပြင်းဆုံးနဲ့ ကမ္ဘာပေါ်ရှိ အရှည်ဆုံး အကွာအဝေး ပစ်မှတ်တွေကို ပစ်ခတ်နိုင်တဲ့ ဒုံးကျည်ဖြစ်ပါတယ်။ Sarmat ဒုံးကျည်က ကျွန်ုပ်တို့နိုင်ငံ၏ မဟာဗျူဟာမြောက် နျူးကလီးယားတပ်ဖွဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို သိသာစွာ တိုးမြင့်လာစေပါလိမ့်မယ်" ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။



ရုရှားက ဒုံးကျည်အသစ် စမ်းသပ်မှုမှာ အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များအတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်ကြောင်း၊ ရုရှားအစိုးရ အနေဖြင့် ဒုံးကျည်စမ်းသပ်မှုကို နျူးကလီးယားသဘောတူစာချုပ်ပါ တာဝန်များအတိုင်း အမေရိကန်အစိုးရကို စနစ်တကျ အသိပေးခဲ့ကြောင်း အမေရိကန် ပင်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရအမျိုးသား John Kirby က သတင်းထောက်များကို ပြောသည်။



Source: Reuters, BBC