၂၀၂၃ ခုနှစ်တွင် COVID-19 ကြောင့် သေဆုံးမှု (၉၅) ရာခိုင်နှုန်း လျော့ကျသွားသော်လည်း ကူးစက်မှုများ ဆက်လက်ရှိနေဆဲ 

၂၀၂၃ ခုနှစ်တွင် COVID-19 ကြောင့် သေဆုံးမှု (၉၅) ရာခိုင်နှုန်း လျော့ကျသွားသော်လည်း ကူးစက်မှုများ ဆက်လက်ရှိနေဆဲ 
By Mr John

 

Covid-19 ကူးစက်မှုများရှိနေဆဲဖြစ်သော်လည်း ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှစ၍ COVID-19 ကပ်ရောဂါကြောင့် သေဆုံးမှု (၉၅) ရာခိုင်နှုန်း လျော့ကျသွားခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က ပြောသည်။ 

"COVID-19 ကြောင့် သေဆုံးမှုတွေ ဆက်တိုက်ကျဆင်းမှုကြောင့် ကျွန်တော်တို့ အလွန် အားတက်ရပါတယ်။ ဒီနှစ်အစပိုင်းကနေစပြီး သေဆုံးမှုက (၉၅) ရာခိုင်နှုန်း လျော့ကျသွားခဲ့ပါတယ်"ဟု WHO အကြီးအကဲ Tedros Adhanom Ghebreye က ဧပြီလ (၂၆) ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သေဆုံးမှု လျော့နည်းသွားပြီဆိုသော်လည်း ဗိုင်းရပ်စ်မှာ ကူးစက်ပျံ့နှံ့ ရွေ့လျားနေဆဲဖြစ်ကြောင်းလည်း WHO က သတိပေးခဲ့သည်။ 

 "ဒါပေမဲ့ နိုင်ငံအချို့မှာတော့ သေဆုံးမှုမြင့်တက်နေတာ တွေ့ရပြီး လွန်ခဲ့တဲ့ (၄) ပတ်အတွင်း COVID ကြောင့် လူ (၁၄,၀၀၀) အသက်ဆုံးရှူံးခဲ့ပါတယ်" ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

"မျိုးရိုးဗီဇပြောင်း ဗိုင်းရပ်စ်အသစ် XBB.1.16 ထွက်ပေါ်လာမှုက ဗိုင်းရပ်စ်ဟာ ပြောင်းလဲနေဆဲဖြစ်ပြီး ရောဂါကူးစက်မှုနဲ့ သေဆုံးမှု လှိုင်းအသစ်တွေ ဖြစ်စေနိုင်ဆဲပဲဆိုတာ ဖော်ပြနေပါတယ်"ဟု WHO အကြီးအကဲ Tedros က ဆိုသည်။ 

COVID-19 ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ကမ္ဘာတဝန်း ကာကွယ်ဆေးထိုးသည့် အစီအစဉ်များ ရပ်ဆိုင်းခဲ့ရပြီး ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်အတွင်း ခန့်မှန်းခြေအားဖြင့် ကလေးငယ် (၆.၇) သန်းမှာ လိုအပ်သည့် ကာကွယ်ဆေး အနည်းဆုံး တစ်မျိုးကို ထိုးခွင့်မရဖြစ်ခဲ့ကြောင်းလည်း ၎င်းက ပြောခဲ့သည်။

Covid-19 ကူးစက်ခံရမှုကြောင့် သေဆုံးမှုများ လျော့နည်းသွားပြီဖြစ်သော်လည်း နောက်ဆက်တွဲဆိုးကျိုးများအနေဖြင့် ကိုယ်ခံအား အားနည်းလာခြင်း၊ မောပန်းလွယ်ခြင်းများကို ခံစားကြရသည်ဟုလည်း သိရသည်။

Source: AFP