စစ်အုပ်စုဝန်ကြီး တက်ခွင့် မရသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာ့အရေး ပွင့်ပွင့် လင်းလင်း ဆွေးနွေး 

Photo: Achmad Ibrahim - staff, AP
Photo: Achmad Ibrahim - staff, AP
စစ်အုပ်စုဝန်ကြီး တက်ခွင့် မရသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် မြန်မာ့အရေး ပွင့်ပွင့် လင်းလင်း ဆွေးနွေး 
ဖေဖော်ဝါရီ 3, 2023 | နိုင်ငံတကာသတင်း
By Mr John

 ၂၀၂၃ ခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖေဖေါ်ဝါရီလ (၃) ရက်နေ့က ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအ‌ဝေးတွင် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခနှင့်ပတ်သက်၍ အဓိကထားခဲ့ကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြကြောင်း အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

အာဆီယံအဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် သက်ဆိုင်သူများ အားလုံးကြား အားလုံး ပါဝင်သည့် တွေ့ဆုံဆွေးနွေးရေးကို တွန်းအားပေးခဲ့သည်ဟု ယခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ယူထားသည့် အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။ 

မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခွင့်မရသော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဂျကာတာမြို့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

"ဒီအစည်းအ‌ဝေးက မြန်မာပြဿနာကို အဖွဲ့ဝင်တွေ မိသားစုတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မခြွင်းမချန် ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ပါ" ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Rento Marsudi က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ 

အကြမ်းဖက်မှုလျှော့ချခြင်းနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ခွင့်ပြုခြင်းက တွေ့ဆုံဆွေးနွေးမှုများ စတင်နိုင်ရေးအတွက် အဓိက သော့ချက်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အာဆီယံအနေဖြင့် မြန်မာပဋိပက္ခတွင် ဓားစာခံ အဖြစ်ခံမည် မဟုတ်ကြောင်းနှင့် တိုးတက်မှု မရှိပါက ပြတ်ပြတ်သားသား ဆောင်ရွက်သွားမည်ဟု အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက Reuters သတင်းဌာနှင့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားထားသည်။ 

မြန်မာနိုင်ငံသို့ ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦး စေလွှတ်ရန် စီစဥ်နေပြီး အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း အင်ဒိုနီးရှားသမ္မတက ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ပြောခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံက အောင်မြင်သည့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို မည်သို့လုပ်ဆောင်ခဲ့ကြောင်း ရှင်းပြရန်မျှော်လင့်ချက်ဖြင့် မြန်မာစစ်အုပ်စုခေါင်းဆောင်များနှင့် ဆွေးနွေးရန်ဖြစ်သည်ဟု သမ္မတဂျိုကိုဝီက ဆိုသည်။ 

သို့သော် အင်ဒိုနီးရှား၏ ထိုအစီအစဥ်မှာ အကျိုးရှိနိုင်မည် မဟုတ်ဟု ဝေဖန်မှုများလည်း ထွက်ပေါ်နေသည်။ 

အင်ဒိုနီးရှားသမ္မတက မည်သူ့ကို မြန်မာနိုင်ငံသို့ ဖြစ်နိုင်သမျှ အမြန်ဆုံး စေလွှတ်သွားမည်ကိုမူ ထုတ်ဖော်ပြောရန် ငြင်းဆန်ခဲ့သည်။ 

သို့သော် အင်ဒိုနီးရှားနိုင်ငံ ပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ခဲ့သည့်ပုဂ္ဂိုလ်မျိုးကို မြန်မာသို့စေလွှတ်ရန် စဥ်းစားထားကြောင်း ဂျိုကိုဝီက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးကတည်းက ဘက်ပေါင်းစုံ ချွတ်ခြုံကျကာ အကျပ်အတည်းနှင့် ကသောင်းကနင်း အခြေအနေများ ဖြစ်ပေါ်နေသည်။ 

အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက် ဆန္ဒပြသူများအား အကြိမ်းဖက်ဖြိုခွင်းခဲ့ပြီးနောက်ပိုင်း စစ်အုပ်စုကို စစ်မျက်နှာအများအပြားတွင် လက်နက်ကိုင်တော်လှန်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခဲ့သည်။

Source: Reuters