ထိုင်းနိုင်ငံ ချင်းမိုင်ရှိ ကြက်များ ဆေးခြောက်ကျွေးပြီးနောက် ပိုမို ကျန်းမာ

ထိုင်းနိုင်ငံ ချင်းမိုင်ရှိ ကြက်များ ဆေးခြောက်ကျွေးပြီးနောက် ပိုမို ကျန်းမာ
ဇူလိုင် 21, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်ရှိ သိပ္ပံပညာရှင်တွေက ဆေးခြောက်က စီးပွားဖြစ် ကြက်မွေးမြူရေးတွင် ပဋိဇီဝဆေးများအစား အခြားရွေးချယ်စရာတစ်ခု ဖြစ်နိုင်မည်လားဟု စတင်စမ်းသပ်နေခဲ့ကြကြောင်း သိရသည်။ 

ဆေးခြောက်ကို ဖြည့်စွက်စာအဖြစ်ကျွေးခဲ့သည့် သဘာဝအတိုင်း မွေးမြူထားသော ကြက်ခြံတစ်ခြံရှိ ကြက်များတွင် လေပြွန်ရောင်ရောဂါဖြစ်ပွားမှု ပိုနည်းသွားပြီး ကြက်သားအရည်အသွေးမှာလည်း အမိုင်နိုအက်ဆစ် (amino acid)၊ လစ်ပစ် (lipid) နှင့် အသားနုခြင်းတို့အပေါ် အခြေခံမှုအရ အလွန်ကောင်းမွန်ကြောင်း သုတေသီတွေက တွေ့ရှိခဲ့သည်။

ထိုင်းမြောက်ပိုင်းတွင် လိုင်စင်ဖြင့် စိုက်ပျိုးထားသည့် ဆေးဘက်ဆိုင်ရာသုံး ဆေးခြောက်စိုက်ပျိုးသူ Ong-ard Panyachatiraksa က ဆေးခြောက်ပင်များမှ ပိုနေသည့်အရွက်များကို မည်သို့လုပ်ရမည်ကို စဥ်းစားခဲ့သည်ဟု ဆိုသည်။ 

၎င်းမွေးမြူထားသည့် ကြက်အုပ်ကို ဆေးခြောက်ရွက်များ စကျွေးခဲ့ပြီးနောက် မည်သို့ဖြစ်ကြောင်း သိရှိရန် သိပ္ပံပညာရှင်များကို ဖိတ်ခေါ်ခဲ့သည်။

စီးပွားဖြစ် ကြက်မွေးမြူးရေးတွင် ပဋိဇီဝဆေးများ အလွန်အကျွံသုံးခြင်းက လူများတွင် ပဋိဇီဝဆေးများ အလွန်အကျွံသုံးခြင်းနှင့် အတူတူပင်ဖြစ်ပြီး ပဋိဇီဝဆေးယဥ်ပါးသော ရောဂါပိုးများကို ဖြစ်ပေါ်စေကြောင်း သိရသည်။ 

ကျယ်ပြန့်သော ပြဿနာများ မဖြစ်စေဘဲ ဆေးခြောက်က အမှန်တကယ် ဇီဝဗေဒဆိုင်ရာ ကွဲပြားခြားနားသည့် ပံ့ပိုးမှုရှိသည်ဟု ဆိုသည်။

Ong-ard Panyachatiraksa ၏ ကြက်ခြံမှ ကြက်အကောင်ရေ ၁,၀၀၀ ကို လေ့လာခဲ့ပြီးနောက် ချင်းမိုင်တက္ကသိုလ် တိရိစ္ဆာန်နှင့်ရေနေသတ္တဝါသိပ္ပံဌာနမှ လက်ထောက်ပါမောက္ခ Chompunut Lumsnagkul ၏ ပြောကြားမှုအရ ဆေးခြောက်က စိုက်ပျိုးမွေးမြူသူများ ပဋိဇီဝဆေးအသုံးပြုမှု လျှော့ချရေးတွင် ကူညီနိုင်ကြောင်း သိရသည်။ 

သိပ္ပံပညာရှင်များ၏ အယူအဆအရ ဆေးခြောက်က ကြက်များ၏ အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးကို တိုးတက်စေနိုင်သည်ဟု ဆိုသည်။ 

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေးမှာ သက်ရှိပုံစံအားလုံးအတွက် ကျန်းမာနေစေရန် အရေးကြီးသည်။

ကြက်သားတွင် ဆေးခြောက်၏ THC (Tetrahydrocannabinol) သို့မဟုတ် CBD (Cannabidiol) မတွေ့ရကြောင်းနှင့် ဆေးခြောက်ကျွေးထားသည့် ကြက်များကို ပိုမြင့်မားသောဈေးနှုန်းဖြင့် ရောင်းချသွားမည်ဟု ဆိုသည်။

 ပုံမှန်အားဖြင့် ကြက်သား တစ်ကီလိုဂရမ် (၆၁ ကျပ်သားကျော်) ကို ထိုင်းဘတ်ငွေ (၆၀) (မြန်မာကျပ်ငွေ ၃,၀၀၀ ကျော်) ဖြစ်သော်လည်း ဆေးခြောက်ကျွေးထားသည့် ၎င်း၏ကြက်များကို ဈေးနှုန်း (၂) ဆဖြင့် ရောင်းနိုင်ကြောင်း Ong-ard Panyachatiraksa က ပြောသည်။

Source: CTN News