ထိုင်းနိုင်ငံတွင် တွေ့ရှိထားသည့် COVID မျိုးကွဲဗိုင်းရပ်စ်သစ် မပြင်းထန်သော်လည်း ကလေးများတွင် စောင့်ကြည့်ရန်လိုအပ်

ထိုင်းနိုင်ငံတွင် တွေ့ရှိထားသည့် COVID မျိုးကွဲဗိုင်းရပ်စ်သစ် မပြင်းထန်သော်လည်း ကလေးများတွင် စောင့်ကြည့်ရန်လိုအပ်
By Mr John

ထိုင်းနိုင်ငံတွင် တွေ့ရှိလာရသည့် မျိုးဗီဇပြောင်း COVID-19 ဗိုင်းရပ်စ်အသစ်မှာ ရောဂါပြင်းထန်သည့် အထောက်အထားမရှိသော်လည်း စာသင်နှစ်သစ် ကျောင်းများပြန်ဖွင့်ပြီဖြစ်ရာ ကလေးများကြား ကူးစက်ပျံ့နှံ့နိုင်နေဆဲဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။ 

ကမ္ဘာတဝန်းမှ ကျွမ်းကျင်သူများက XBB.1.16.1.1 သို့မဟုတ် FU.1 ဗီဇပြောင်းဗိုင်းရပ်စ် ပေါ်ထွက်လာမှုနှင့် ဆက်နွယ်သည့် အခြေအနေကို စောင့်ကြည့်နေကြကြောင်း ဆေးပညာသိပ္ပံဌာန အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ Supakit Sirilak က ဆိုသည်။

အဆိုပါ ဗိုင်းရပ်စ်အသစ်က XBB.1.16 ဗိုင်းရပ်စ်ထက် (၅၀) ရာခိုင်နှုန်း ပိုမိုကူးစက်မြန်ပြီး ထိုင်းနိုင်ငံတွင် ကူးစက်မှုတစ်ခု တွေ့ရှိအတည်ပြုထားကြောင်း ဒေါက်တာ Supakit က မေလ (၁၈) ရက်နေ့တွင် ပြောသည်။ 

"ဒီဗိုင်းရပ်စ်က ကူးစက်ပျံ့နှံ့မှု မြန်ပေမဲ့လည်း ရောဂါပြင်းထန်စေနိုင်ပြီး ပိုမိုသေဆုံးနိုင်တဲ့ အထောက်အထား မတွေ့ရပါဘူး" ဟု ၎င်းကပြောသည်။

အစုအပြုံလိုက် ကူးစက်မှုများမှာ လူစုလူဝေးများ လုပ်လာကြခြင်းနှင့် mask အသုံးပြုမှု လျော့နည်းသွားခြင်းတို့ အပါအဝင် အခြား အကြောင်းရင်းများကြောင့်လည်း ဖြစ်နိုင်ကြောင်း ဒေါက်တာ Supakit က ဆိုသည်။ 

ရောဂါထိန်းချုပ်မှု အစီအမံများ ဖြေလျှော့လိုက်ခြင်း၊ mask တပ်သူ နည်းပါးလာခြင်း၊ လူစုလူဝေး ပိုများလာခြင်းနှင့်  ကာကွယ်ဆေးထိုးထားသည့် ကာလကြာမြင့်ပြီဖြစ်၍ ခန္ဓာကိုယ်တွင်း  ကိုရိုနာဗိုင်းရပ်စ် ပဋိပစ္စည်းများ မရှိတော့ခြင်းတို့ကြောင့် COVID ကူးစက်မှုများ မြင့်တက်နေခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးဌာန Department of Disease Control (DDC) မှ တာဝန်ရှိသူ ဒေါက်တာ Chakkarat Pitayawong-anont က ပြောသည်။

ပဋိပစ္စည်းများ မရှိတော့ခြင်းကြောင့် ဗိုင်းရပ်စ်ကူးစက်ခံရပါက ပြင်းထန်သည့် ရောဂါလက္ခဏာများ ဖြစ်စေနိုင်သည်ဟုလည်း သတိပေးထားသည်။

 စာသင်နှစ်သစ် ပြန်လည်စတင်ပြီဖြစ်ရာ ကလေးများကြား COVID ကူးစက်မှုများ မြင့်တက်လာနိုင်ကြောင်းလည်း ဒေါက်တာ Chakkarat က သတိပေးခဲ့သည်။ 

ဘန်ကောက်မြို့ရှိ မူလတန်းကျောင်းများနှင့် အခြား ပြည်နယ်များတွင် အစုအပြုံလိုက် COVID-19 ကူးစက်မှုများ တွေ့ရှိရသည့် အစီရင်ခံစာများ DDC က ရရှိထားကြောင်း သိရသည်။

ကူးစက်ခံရသည့် ကလေးများမှာ ပြင်းထန်သည့် ရောဂါလက္ခဏာများ မတွေ့ရဘဲ ပြန်လည်ကျန်းမာလာနိုင်သော်လည်း ကလေးများထံမှ ၎င်းတို့နှင့်အတူနေ အဘိုးအဘွားများကဲ့သို့ ကိုယ်ခံအားနည်းသည့် အသက်အရွယ်ကြီးသူများထံ ရောဂါကူးစက်ပျံ့နှံ့နိုင်သည်ကို သတိပြုကြရန်လိုကြောင်း ကျန်းမာရေးတာဝန်ရှိသူများက သတိပေးထားသည်။

Source: Bangkok Post