အမေရိကန်က အယ်လ်ကေဒါခေါင်းဆောင် ဇဝါဟီရီ ကို ဒရုန်းဖြင့် တိုက်ခိုက် ရှင်းလင်း 

ဘင်လာဒင် (လက်ဝဲ) နှင့် အယ်လ်ကေဒါအကြမ်းဖက်အဖွဲ့ခေါင်းဆောင် အေမန်အယ်လ်ဇဝါဟီရီ(လက်ယာ) 
ဘင်လာဒင် (လက်ဝဲ) နှင့် အယ်လ်ကေဒါအကြမ်းဖက်အဖွဲ့ခေါင်းဆောင် အေမန်အယ်လ်ဇဝါဟီရီ(လက်ယာ) 
အမေရိကန်က အယ်လ်ကေဒါခေါင်းဆောင် ဇဝါဟီရီ ကို ဒရုန်းဖြင့် တိုက်ခိုက် ရှင်းလင်း 
By Mr John

 အမေရိကန်နိုင်ငံက အယ်လ်ကေဒါအကြမ်းဖက်အဖွဲ့ခေါင်းဆောင် အေမန်အယ်လ်ဇဝါဟီရီကို အာဖဂနစ္စတန်နိုင်ငံ ကဘူးလ်မြို့လယ်တွင် ဒရုန်းဖြင့် အတိအကျ တိုက်ခိုက်ပြီး ရှင်းလင်းသုတ်သင်လိုက်ပြီဖြစ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က ဩဂုတ်လ (၁) ရက်နေ့၌ အတည်ပြု ပြောကြားသည်။ 

ဇဝါဟီရီ သေဆုံးမှုမှာ ၂၀၁၁ ခုနှစ်တွင် အယ်လ်ကေဒါအဖွဲ့တည်ထောင်သူ အိုစမာဘင်လာဒင် သေဆုံးခဲ့ပြီးနောက်ပိုင်း ထိုအကြမ်းဖက်အဖွဲ့အတွက် အကြီးမားဆုံး ထိုးနှက်ချက်လည်း ဖြစ်သည်။

အီဂျစ်လူမျိုး ခွဲစိတ်ကုဆရာဝန်တစ်ဦးဖြစ်သူ ဇဝါဟီရီအတွက် အမေရိကန်က ဒေါ်လာ (၂၅) သန်း ဆုကြေးထုတ်ထားခဲ့သည်။ 

အမေရိကန်နိုင်ငံအတွင်း လူ (၃,၀၀၀) နီးပါး သေဆုံးခဲ့သည့် ၂၀၀၁ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုများတွင် ဇဝါဟီရီက ပူးပေါင်းကြံစည်ခဲ့ကြောင်း သိရသည်။ 

ဇဝါဟီရီကို ရှင်းလင်းသုတ်သင်ရန် တိုက်ခိုက်မှုကို အမေရိကန်က လနှင့်ချီကြာ စီစဥ်ခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ (၃၁) ရက်နေ့ နံနက်ပိုင်းတွင် ဇဝါဟီရီက ကဘူးလ်မြို့ရှိ ၎င်း၏ လုံခြုံရေးနေအိမ် ဝရန်တာကို ထွက်လာစဥ် အမေရိကန်ဒရုန်းတစ်စင်းမှ ပစ်လွှတ်လိုက်သည့် Hellfire ဒုံးကျည်ထိမှန်မှုအတွင်း သေဆုံးခဲ့ကြောင်း အမည်မဖော်သည့် အမေရိကန်အစိုးရအရာရှိများက ဆိုသည်။

 "အခု တရားမျှတမှုကို ဆောင်ကြဥ်းခဲ့ပါပြီ။ ဒီအကြမ်းဖက်ခေါင်းဆောင် မရှိတော့ပါဘူး" ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဩဂုတ်လ (၂) ရက်နေ့တွင် ပြောသည်။

"ခင်ဗျားက ကျွန်တော်တို့ရဲ့ ပြည်သူတွေအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်တယ်ဆိုရင် ဘယ်လောက်ကြာကြာ ဘယ်နေရာမှာ ပုန်းနေနေ အမေရိကန်ပြည်ထောင်စုက ခင်ဗျားကို ရှာဖွေပြီး ခေါ်ထုတ်သွားပါမယ်" ဟု ဂျိုးဘိုင်ဒန်က ဆိုသည်။ 

ကဘူးလ်မြို့လယ်တွင် ဒရုန်းဖြင့် အတိအကျ တိုက်ခိုက်မှုလုပ်ရန် ၎င်းက ခွင့်ပြုချက်ပေးခဲ့ကြောင်းနှင့် အရပ်သားများ သေဆုံးမှုမရှိခဲ့ကြောင်း အမေရိကန်သမ္မတက ပြောသည်။

ကဘူးလ်မြို့ရှိ တာလီဘန်အုပ်ချုပ်ရေးအဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် (၃) ဦးက ဇဝါဟီရီ သေဆုံးမှုနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။ 

တာလီဘန်အုပ်စု ပြောခွင့်ရပုဂ္ဂိုလ် Zabihullah Mujahid ကမူ ဇူလိုင်လ (၃၁) ရက်နေ့က ကဘူးလ်မြို့တွင် တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ယခင်က အတည်ပြုထားပြီး ပြင်းထန်စွာ ရှုတ်ချခဲ့ကာ နိုင်ငံတကာအခြေခံမူများကို ချိုးဖောက်မှုအဖြစ် ပြောဆိုခဲ့သည်။

အမေရိကန်အထူးတပ်ဖွဲ့က ၂၀၁၁ ခုနှစ်အတွင်း ဘင်လာဒင်ကို ရှင်းလင်းသုတ်သင်ခဲ့ပြီးနောက် ဇဝါဟီရီက အယ်လ်ကေဒါအကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင်နေရာကို ဆက်ခံခဲ့ခြင်း ဖြစ်သည်။ 

မကြာသေးမီ နှစ်များအတွင်း ဇဝါဟီရီ သေဆုံးကြောင်း ကောလာဟလများ အကြိမ်ကြိမ် ထွက်ပေါ်ခဲ့ဖူးပြီး ၎င်းမှာ ကျန်းမာရေးမကောင်းကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

Source: Reuters, BBC