ထိုင်း - ကမ္ဘောဒီးယားနယ်စပ်တွင် ထိုင်းတရားခံပြေး ဖွင့်လှစ်ထားသည့် ကာစီနိုရုံ မီးလောင်မှု ဖြစ်ပြီး အနည်းဆုံး (၁၉)ဦး သေဆုံး

ထိုင်း - ကမ္ဘောဒီးယားနယ်စပ်တွင် ထိုင်းတရားခံပြေး ဖွင့်လှစ်ထားသည့် ကာစီနိုရုံ မီးလောင်မှု ဖြစ်ပြီး အနည်းဆုံး (၁၉)ဦး သေဆုံး
ဒီဇင်ဘာ 30, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်း - ကမ္ဘောဒီးယားနယ်စပ်ဒေသ  ကမ္ဘောဒီးယားနိုင်ငံ Poipet မြို့တွင် ထိုင်းတရားခံပြေးဖွင့်လှစ်ထားသည့် ကာစီနိုလောင်းကစားရုံတစ်ခုအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၁၉) ဦး သေဆုံးပြီး လူ (၃၀) ဦးအထိ ပျောက်ဆုံးနေကြောင်း သိရသည်။ 

"သေဆုံးသူအရေအတွက်က (၂၀) ကျော်လာနိုင်ပါတယ်" ဟု ကမ္ဘောဒီးယားနိုင်ငံ Banteay Meanchey ပြည်နယ် ပြန်ကြားရေးဌာန အကြီးအကဲ Sek Sokhom က ပြောသည်။ 

ကမ္ဘောဒီးယား ကာစီနိုရုံ မီးလောင်မှုအတွင်း သေဆုံးဒဏ်ရာရသူ (၁၀၈) ဦးရှိခဲ့ကြောင်းနှင့် (၅၀) ဦးကို ထိုင်းနိုင်ငံ ဆာခေါ ပြည်နယ်သို့ ဆေးကုသရန် ပို့ဆောင်ခဲ့ပြီး ၎င်းတို့အနက်မှ တစ်ဦသေဆုံးခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးကို ကိုးကားပြီး Bangkok Post သတင်းက ဒီဇင်ဘာလ (၂၉) ရက် ညနေပိုင်းတွင် ဖော်ပြထားသည်။ 

ထိုအရေအတွက်မှာ ဒီဇင်ဘာလ (၂၉) ရက် မွန်းလွဲ (၁၂) နာရီခွဲအထိ သိရှိရသည့် စာရင်းအရဖြစ်ပြီး ဆာခေါပြည်နယ်သို့ ပို့ဆောင်ခဲ့သည့် (၃၄) ဦးလုံးမှာ ထိုင်းနိုင်ငံသားများဖြစ်ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပြောသည်။ 

နောက်ပိုင်းစာရင်းအရ ဆာခေါ တွင် ဆေးကုသမှုခံယူနေရသူ အရေအတွက်မှာ (၅၀) အထိရှိလာသည်ဟု ဆိုသည်။

၎င်းတို့အနက် (၁၇) ဦးမှာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်းနှင့် (၈) ဦးကို အခြားပြည်နယ်များရှိ ဆေးရုံများသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြောင်း သိရသည်။ 

"သူတို့ထဲက အများစုက မီးလောင်ဒဏ်ရာ၊ မီးခိုးမွန်းကျပ်မှုနဲ့ အရိုးကျိုးဒဏ်ရာရသူတွေ ဖြစ်ပါတယ်။ သေဆုံးသူကတော့ အမြင့်တစ်နေရာကနေ ကျခဲ့တာပါ" ဟု Anutin က ပြောသည်။

 သတင်းဓာတ်ပုံများအရ မီးလောင်မှုဖြစ်ပွားစဥ် အထပ်မြင့်နေရာမှ ခုန်ချခဲ့ကြသူများကိုလည်း တွေ့ရသည်။

ကမ္ဘောဒီးယားနိုင်ငံ Poipet မြို့ရှိ Grand Diamond City Hotel & Casino တွင် ဒီဇင်ဘာလ (၂၈) ရက် ဒေသစံတော်ချိန် ည (၁၁) နာရီခွဲခန့်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

ဟိုတယ်နှင့်ကာစီနို ဖွင့်လှစ်ထားသည့် ထိုအဆောက်အအုံမှာ အထပ် (၁၇) ထပ်ရှိပြီး ပထမ အထပ် (၃) ထပ်တွင် ကာစီနိုရုံများ ဖွင့်လှစ်ထားပြီး ဟိုတယ်အခန်း (၁၀၀) ခန့်ရှိကြောင်း ထိုင်းနိုင်ငံသား အများအပြား အလုပ်လုပ်ကိုင်နေကြကြောင်း ကျန်းမာရေးဝန်ကြီး Anutin က ပြောသည်။

ကာစီနိုရုံကို အသက် (၈၆) နှစ်အရွယ် တရားခံပြေး ထိုင်းနိုင်ငံရေးသမား Vatana Asavahame က ပိုင်ဆိုင်ကြောင်း Bangkok Post က ဆိုသည်။ 

၎င်းမှာ ထိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးဟောင်းတစ်ဦးဖြစ်ပြီး Klong Dan ရေဆိုးသန့်စင်မှုလုပ်ငန်း အရှုပ်အထွေးတွင် ပါဝင်ပတ်သက်မှုဖြင့် ပြစ်ဒဏ်ချမှတ်မခံရမီ ၂၀၀၈ ခုနှစ်က နိုင်ငံမှ ထွက်ပြေးသွားခဲ့သူ ဖြစ်သည်။ 

Klong Dan ရေးဆိုးသန့်စင်မှုလုပ်ငန်း အရှုပ်အထွေးမှာ ထိုင်းနိုင်ငံ၏ သမိုင်းတစ်လျှောက် အကြီးမားဆုံး အဂတိလိုက်စားမှုတစ်ခုဟု ဆိုသည်။

ကမ္ဘောဒီးယား ကာစီနိုရုံ မီးလောင်မှုအတွင်း ထိုင်းနိုင်ငံသားများ ပိတ်မိခဲ့ကြကြောင်းနှင့် ယခုအခါ မီးလောင်မှုကို ထိန်းချုပ်နိုင်ပြီဟု ထိုင်းဝန်ကြီးချုပ်၏ လက်ထောက်အထွေထွေအတွင်းရေးမှူး Anucha Burapachaisri က ပြောသည်။ 

အဆိုပါ ကာစီနိုရုံတွင် ဝန်ထမ်း (၄၀၀) ခန့်ရှိပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို အတိအကျ မသိရသေးကြောင်း ကမ္ဘောဒီးယား ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Khieu Sopheak က ဆိုသည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသ Poipet မြို့ရှိ ကာစီနိုရုံများသို့ ကာလတို အလည်အပတ်ခရီးထွက်ကြသည့် ထိုင်းနိုင်ငံသားများ ပုံမှန်လာရောက်လေ့ရှိကြသည်။ 

ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးအတွက် အရေးပါသည့် ခရီးသွားလုပ်ငန်းတွင် အဓိက အစိတ်အပိုင်းအဖြစ် ပါဝင်နေသော ကာစီနိုရုံများကို ဖနွမ်းပင်မြို့တော်၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့နှင့် နယ်စပ်များတွင် ဖွင့်လှစ်ထားပြီး ကာစီနိုလောင်းကစားကို တားမြစ်ပိတ်ပင်ထားသော အာရှနိုင်ငံများမှ ဧည့်သည်များ အဓိက လာရောက်လေ့ရှိကြသည်။



Source: Bangkok Post, CNN, Reuters

Photo: Courtesy Peerapan Srisakorn, AP, Lillian Suwanrumpha/AFP/Getty Images