စစ်ရေးစွမ်းဆောင်ရည် ကျနေသည့် ရုရှား၏ ခြိမ်းခြောက်မှုကြောင့် ကမ္ဘာပျက်စေမည့် နျူကလီးယားအန္တရာယ် အမြင့်ဆုံးဖြစ်နေဟု ဂျိုးဘိုင်ဒန်ပြော

စစ်ရေးစွမ်းဆောင်ရည် ကျနေသည့် ရုရှား၏ ခြိမ်းခြောက်မှုကြောင့် ကမ္ဘာပျက်စေမည့် နျူကလီးယားအန္တရာယ် အမြင့်ဆုံးဖြစ်နေဟု ဂျိုးဘိုင်ဒန်ပြော
အောက်တိုဘာ 8, 2022 | နိုင်ငံတကာသတင်း
By Mr John

 ကမ္ဘာကြီးကို ပျက်စီးစေမည့် နျူကလီးယားအန္တရာယ်မှာ ၁၉၆၂ ခုနှစ် ကျူးဘားဒုံးကျည် အကျပ်အတည်းနောက်ပိုင်း အမြင့်မားဆုံးဖြစ်နေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ထုတ်ဖော်ပြောကြားလိုက်သည်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းတွင် ၎င်း၏စစ်တပ် ရှုံးနိမ့်မှုများ ကြုံလာရပြီးနောက် နည်းဗျူဟာ‌မြောက် နျူကလီးယားလက်နက်များသုံးမည်ဟု ပြောဆိုခြင်းမှာ ရယ်စရာပြောနေခြင်းမဟုတ်ကြောင်း ဂျိုးဘိုင်ဒန်က ဆိုသည်။

အမေရိကန်နိုင်ငံက ပူတင်၏ စစ်ပွဲအကြံအစည်ကို သိရှိနိုင်ရန် ကြိုးပမ်းနေကြောင်းနှင့် ၎င်း၏ စစ်တပ်က သိသိသာသာ စွမ်းဆောင်ရည်နိမ့်ကျနေမှုကြောင့် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များ သို့မဟုတ် ဇီဝ သို့မဟုတ် ဓာတုလက်နက်များ အသုံးပြုမှုနှင့် ပတ်သက်၍ ပူတင်၏ ပြောဆိုမှုများမှာ ရယ်စရာပြောနေခြင်း မဟုတ်ကြောင်း သမ္မတဂျိုးဘိုင်ဒန်က မှတ်ချက်ပြုသည်။ 

"ကျူးဘားဒုံးကျည် အကျပ်အတည်း Cuban Missile Crisis နောက်ပိုင်း နျူကလီးယားလက်နက်သုံးမယ်လို့ ပထမဆုံးအကြိမ် တိုက်ရိုက် ခြိမ်းခြောက်မှုရှိလာပါတယ်" ဟု အမေရိကန်သမ္မတက ပြောသည်။

၁၉၆၂ ခုနှစ်က အမေရိကန်နိုင်ငံတွင် သမ္မတဂျွန်ကနေဒီ (John Kennedy) လက်ထက်နှင့် ဆိုဗီယက်ပြည်ထောင်စုကို Nikita Khrushchev က ခေါင်းဆောင်အဖြစ် တာဝန်ယူထားစဥ် ကျူးဘားနိုင်ငံ၌ ဆိုဗီယက်ဒုံးကျည်များ ရှိနေမှုနှင့် ပတ်သက်၍ တင်းမာမှုဖြစ်ပြီး နျူကလီးယားလက်နက်များ အသုံးပြုလုနီးပါး ဖြစ်ခဲ့ဖူးသည်။ 

"နည်းဗျူဟာမြောက် နျူကလီးယားလက်နက်ကို အလွယ်တကူ သုံးနိုင်စွမ်းရှိမယ်လို့ ကျွန်တော်မထင်ပါဘူး။ ကမ္ဘာကြီးနဲ့ လူသားမျိုးနွယ် ပျက်စီးမှုဖြစ်တဲ့ Armageddon အခြေအနေနဲ့ အဆုံးမသတ်ပါဘူး" ဟု ဂျိုးဘိုင်ဒန်က ပြောသည်။

သမ္မတပူတင်က ရုရှားပိုင်နက်နယ်မြေကို ကာကွယ်ရန် ရုရှား၏ နျူကလီးယားလက်နက် အပါအဝင် လိုအပ်သမျှကို အသုံးပြုသွားမည်ဟု သတိပေးထားသည်။ 

ယခုအခါ ပူတင်က ယူကရိန်း၏ Luhansk, Donetsk, Zaporizhzhia နှင့် Kherson နယ်မြေတို့ကို ရုရှားပိုင်နက်များဖြစ်ကြောင်း ကြေညာထားပြီးလည်း ဖြစ်သည်။ 

သို့သော် သမ္မတပူတင်က တရားဝင်သိမ်းပိုက်လိုက်ပြီး ရုရှားပိုင်နက်နယ်မြေဖြစ်ပြီဟု မကြာသေးမီက ကြေညာခဲ့သည့် နယ်မြေများအတွင်းရှိ မြို့ရွာများကို ယူကရိန်းတပ်ဖွဲ့များက အလျင်အမြန် ပြန်လည်သိမ်းပိုက်နေသည်။

ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ထားခဲ့သည့် စတုရန်းမိုင် ထောင်နှင့်ချီသည့် နယ်မြေများကို စက်တင်ဘာလဆန်းပိုင်းမှစ၍ ယူကရိန်းတပ်ဖွဲ့များက ပြန်လည်သိမ်းပိုက်နေရာ ရုရှားစစ်သားများမှ ထိုနယ်မြေများမှ ဆုတ်ခွာထွက်ပြေးနေကြရသည်။ 

သိမ်းပိုက်ခဲ့သည့် နယ်မြေများ ပြန်လည်ဆုံးရှုံးနေမှုအတွက် ရုရှားသမ္မတပူတင်၏ စစ်တပ်အကြီးအကဲများကို ‌ဝေဖန်မှုများလည်း မြင့်တက်နေသည်။

Source: BBC, Reuters