မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနှင့် တရုတ်ထံမှ စစ်လက်နက်ပစ္စည်း  ဒေါ်လာ ဘီလီယံနှင့်ချီ၍ ဝယ်ယူထား

မင်းကင်းမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် စစ်တပ်ကမီးရှို့ခဲ့သည့်ကျေးရွာ Photo: ချင်းတွင်းချစ်သူ
မင်းကင်းမြို့နယ်အတွင်း ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ၃ ရက်နေ့တွင် စစ်တပ်ကမီးရှို့ခဲ့သည့်ကျေးရွာ Photo: ချင်းတွင်းချစ်သူ
မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားနှင့် တရုတ်ထံမှ စစ်လက်နက်ပစ္စည်း  ဒေါ်လာ ဘီလီယံနှင့်ချီ၍ ဝယ်ယူထား
By Mr John

မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ရုရှားနှင့် တရုတ်ထံမှ လက်နက်နှင့် အခြား စစ်ဘက်ဆိုင်ရာပစ္စည်းများ အနည်းဆုံး အမေရိကန်ဒေါ်လာ (၁) ဘီလီယံဖိုး တင်သွင်းခဲ့ကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူများက ၂၀၂၃ ခုနှစ် မေလ (၁၇) ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားသည်။ 

မြန်မာစစ်အုပ်စုက ၎င်း၏ အတိုက်အခံများကို သွေးထွက်သံယို အကြမ်းဖက်ဖြိုခွင်းရာတွင် ရုရှားနှင့် တရုတ်က ကူညီပေးနေမှုနှင့် ပတ်သက်သည့် အစီရင်ခံစာတွင် ကျွမ်းကျင်သူက ပြောထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုကို ပြည်သူလူထုက ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသော်လည်း စစ်တပ်၏ အကြမ်းဖက်ဖြိုခွင်းမှုများကြောင့် နိုင်ငံတဝန်း လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အတူပူးပေါင်းကာ စစ်အုပ်စုကို ဆန့်ကျင်တိုက်ခိုက်နေကြခြင်းဖြစ်သည်။ 

တိုက်ပွဲများတွင် ရှုံးနိမ့်မှုများ ဆက်တိုက်ကြုံလာရသည့် စစ်အုပ်စုက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအပြင် အရပ်သားနေရာများကိုပါ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးသုံး တိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်တပ်က ရုရှားနိုင်ငံလုပ် Mi-35 ရဟတ်ယာဥ်၊ MiG-29 တိုက်လေယာဥ်များနှင့် Yak-130 အပေါ့စား တိုက်ခိုက်ရေးလေယာဥ်နှင့် တရုတ်နိုင်ငံလုပ် K-8 ဂျက်တိုက်လေယာဥ်များကို လေကြောင်းတိုက်ခိုက်မှုများတွင် အများဆုံး အသုံးပြုခဲ့ပြီး ၎င်းတို့ကိုဆန့်ကျင်နေသည့် အတိုက်အခံများအပြင် စာသင်ကျောင်းများ၊ ဆေးခန်းများ၊ နေအိမ်များနှင့် အခြား အရပ်သားနေရာများကို တိုက်ခိုက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ၏ အစီရင်ခံစာက ပြောထားသည်။

၂၀၂၃ ခုနှစ် ဧပြီလ (၁၁) ရက်နေ့က စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှုတွင် စစ်တပ်က Yak-130 လေယာဥ်မှ ဗုံး (၂) လုံး ကြဲချခဲ့ကြောင်းနှင့် ထိုတိုက်ခိုက်မှုကြောင့် ကလေး (၄၀)နီးပါး အပါအဝင် အနည်းဆုံး လူ (၁၆၀) ဦး သေဆုံးခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြသည်။ 

မြန်မာစစ်တပ်ကမူ သောင်းကျန်းသူများကို ပစ်မှတ်ထားသည်ဟု ဆိုသည်။

တိုက်ခိုက်မှုများအတွင်း သေဆုံးခဲ့သည့် အရပ်သားများမှာ လက်နက်ကိုင်တော်လှန်နေသူများကို အားပေးထောက်ခံသူများ ဖြစ်နိုင်သည်ဟု စစ်ကိုင်းတိုင်းတွင် လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပြီးနောက် စစ်တပ်က ပြောခဲ့သည်။ 

စစ်တပ်က ၎င်းကို လက်နက်ကိုင်တော်လှန်နေသူများအား အကြမ်းဖက်များဟု သုံးနှုန်းပြောဆိုလေ့ရှိသည်။

"သတင်းကောင်းက ဒီလက်နက်တွေကို ဘယ်သူတွေက ထောက်ပံ့ပေးနေသလဲဆိုတာ အခု ကျွန်တော်တို့ သိတာပါပဲ" ဟု Andrews က ထုတ်ပြန်ချက်တွင် ပြောထားပြီး ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် မြန်မာစစ်အုပ်စုထံသို့ လက်နက်များရောက်ရှိမှုကို ရပ်တန့်ရန် စီစဥ်လုပ်ဆောင်ရေး တောင်းဆိုခဲ့သည်။ 

မြန်မာစစ်တပ်ကို လက်နက်လွှဲပြောင်းမှု တားမြစ်ပိတ်ပင်ရန်၊ လက်ရှိ ပိတ်ပင်ထားမှုများနှင့် ညှိနှိုင်းအရေးယူဒဏ်ခတ်မှုများ အကျိုးသက်ရောက်မှုရှိရန်ကိုလည်း ၎င်းက ပြောခဲ့သည်။

ကုလသမဂ္ဂ ကျွမ်းကျင်သူက ကုန်သွယ်မှုဆိုင်ရာ အချက်အလက်များကို အသုံးပြုပြီး မြန်မာစစ်တပ်၏ ပြည်တွင်းလက်နက်ထုတ်လုပ်ရေးအတွက် ကုန်ကြမ်းများ အပါအဝင် လက်နက်နှင့် အခြား ကုန်ပစ္စည်းများ လွှဲပြောင်းမှုများ အသေးစိတ်ကို ဖော်ထုတ်ခဲ့သည်။ 

ထိုဖော်ထုတ်တွေ့ရှိချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်က ရုရှားထံမှ ဒေါ်လာ (၄၀၆) သန်းနှင့် တရုတ်ထံမှ ဒေါ်လာ (၂၆၇) သန်း တန်ဖိုးရှိ လက်နက်နှင့် အခြား ပစ္စည်းများ လက်ခံရရှိခဲ့ကြောင်း သိရသည်။

မြန်မာစစ်တပ်ကို လက်နက်နှင့် အခြားပစ္စည်းများ လွှဲပြောင်းပေးပို့ရာတွင် ထိုနှစ်နိုင်ငံလုံး၏ နိုင်ငံပိုင်အဖွဲ့အစည်းများလည်း ပါဝင်သည်။ 

ထို့အတူ အိန္ဒိယနိုင်ငံရှိ အစိုးရပိုင်အဖွဲ့အစည်းများကလည်း လွှဲပြောင်းမှု အနည်းငယ်ရှိခဲ့ပြီး စင်ကာပူ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ရှိ ကုမ္ပဏီများကလည်း မြန်မာစစ်တပ်ထံသို့ လွှဲပြောင်းမှုများတွင် ပါဝင်ပက်သက်ခဲ့ကြကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ရုရှားအစိုးရပိုင် လက်နက်တင်ပို့ရောင်းချရေးကုမ္ပဏီ Rosoboronexport ထံမှ ဒေါ်လာ (၂၂၇) သန်းခန့် တန်ဖိုးရှိ ပစ္စည်းများ မြန်မာစစ်တပ်ထံ ပေးပို့ခဲ့သည်ဟု ဆိုသည်။ 

ထိုကုမ္ပဏီက SU-30 ဂျက်တိုက်လေယာဥ်များ၊ MiG-29 ဂျက်တိုက်လေယာဥ်အတွက် လိုအပ်သည့်အရာများနှင့် ဒုံးကျည်ပစ်လွှတ်စနစ်များ မြန်မာစစ်တပ်ထံသို့ လွှဲပြောင်းပေးခဲ့ကြောင်း အစီရင်ခံစာက ပြောထားသည်။

အခြား ရုရှားကုမ္ပဏီများက စစ်ဘက်ဆိုင်ရာ အသုံးအဆောင်နှင့် ကိရိယာများ၊ ရုရှားထောက်ပံ့ထားသည့် လက်နက်စနစ်များအတွက် အပိုပစ္စည်းအစိတ်အပိုင်းများကို ပေးပို့ခဲ့ကြကြောင်း သိရသည်။ 

ရုရှားစစ်လက်နက်ထုတ်လုပ်ရေး ကုမ္ပဏီများထံမှ လက်နက်များကို စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အ‌ပေါ် ကျူးလွန်သော ရာဇဝတ်မှုများ ကျူးလွန်ရာတွင် မြန်မာစစ်တပ်က အသုံးပြုနေခဲ့ကြောင်း အစီရင်ခံစာက ဖော်ပြသည်။

၎င်း၏ အစီရင်ခံစာကို တရုတ်အစိုးရအရာရှိများက အစောပိုင်းတွင် ဝေဖန်ခဲ့ကြကြောင်း Andrews က နယူးယော့ခ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။ 

၎င်းက တရားဝင် လက်နက်ကုန်သွယ်မှုကို အပုတ်ချ ပြောဆိုနေပြီး လေ့လာစိစစ်မှုလုပ်ခြင်းမှာ ၎င်း၏ လုပ်ပိုင်ခွင့်ပြင်ပတွင် လုပ်ဆောင်မှုဖြစ်ကြောင်း တရုတ်အစိုးရအရာရှိများက တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။ 

ရုရှားအစိုးရအရာရှိများကလည်း အလားတူ တုံ့ပြန်ခဲ့ကြကြောင်း Andrews က ပြောသည်။



Source: Reuters