အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ အရပ်သားပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေမှုများ ရပ်တန့်ပြီး ဖမ်းဆီးထားသူများ ချက်ချင်းလွှတ်ရန် အာဆီယံအထူးအစည်းအဝေးတွင် မလေးရှား ဆွေးနွေး

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီမှ အရပ်သားပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေမှုများ ရပ်တန့်ပြီး ဖမ်းဆီးထားသူများ ချက်ချင်းလွှတ်ရန် အာဆီယံအထူးအစည်းအဝေးတွင် မလေးရှား ဆွေးနွေး

 

မြန်မာနိုင်ငံတွင်း အခြေအနေတင်းမာနေမှုကို လျှော့ချနိုင်ရန်အတွက် အရပ်သား ပြည်သူများအား အကြမ်းဖက်၊ သတ်ဖြတ်နေမှုများကို ရပ်တန့်ရန် မလေးရှားဝန်ကြီးချုပ်က  မြန်မာအရေး အာဆီယံအထူးအစည်းအဝေးတွင် ဆွေးနွေးသွားပြီး မြန်မာအနေဖြင့် မလေးရှား၏ တိုက်တွန်းအကြံပြုချက်ကို အကောင်းဘက်မှရှုမြင်သုံးသပ်မည်ဟု မျှော်လင့်ကြောင်း ဆွေးနွေးသည်။

အရပ်သားပြည်သူရာနှင့်ချီ၍ စစ်တပ်၏အကြမ်းဖက်သတ်ဖြတ်မှုကို ခံနေရသည့် မြန်မာ့အရေးဖြေရှင်းရန် မလေးရှားဝန်ကြီးချုပ်က အချက် (၃) ချက်ဖြင့် ဆွေးနွေးခြင်းဖြစ်ရာ ဒုတိယအချက်အနေဖြင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ၊ ချက်ချင်း ပြန်လွှတ်ပေးရန်၊ တတိယအချက်အနေဖြင့် အာဆီယံ ဥက္ကဌနှင့် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်တို့အပါအဝင် သက်ဆိုင်သူများကို မြန်မာနိုင်ငံတွင်း ဝင်ခွင့်ပြုရန် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ထိန်းသိမ်းထားသူများအား ပြန်လွှတ်ပေးပြီး ပါဝင်သင့် ပါဝင်ထိုက်သူများပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုကို တိုက်တွန်းထားသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ နိုင်ငံ့အာဏာသိမ်းလိုက်ပြီးနောက် အာဏာသိမ်းမှုကို လက်မခံသည့် အရပ်သားပြည်သူများအား အကြမ်းဖက်ဖြိုခွင်းနှိမ်နှင်းမှုကြောင့် အရပ်သားပြည်သူ (၇၀၀) ကျော်သေဆုံးခဲ့ရပြီး ထောင်ပေါင်းများစွာ အကြမ်းဖက်ဖမ်းဆီးခံထားရသည့်အပြင် ပြည်သူများနှင့်အတူရပ်တည်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့ဖြင့်ပါ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်။

မြန်မာ့စစ်အာဏာသိမ်းမှုအရေးသည် ဒေသတွင်းကိုပါ ထိခိုက်လာသဖြင့် မြန်မာ့အရေး အာဆီယံထိပ်သီးခေါင်းဆောင်များအစည်းအဝေးအဖြစ် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ၂၀၂၁ ခုနှစ် ဧပြီလ (၂၄) ရက်နေ့၌ ကျင်းပရန်စီစဉ်ခဲ့ခြင်းဖြစ်သော်လည်း မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးအဖြစ် ကျင်းပနေခြင်းဖြစ်ကာ ထိုင်း၊ လာအို ဝန်ကြီးချုပ်များနှင့် ဖိလစ်ပိုင်သမ္မတတို့က တက်ရောက်ခြင်းမရှိကြောင်း သိရသည်။

အဆိုပါအစည်းအဝေးသို့ မြန်မာစစ်အာဏာသိမ်းခေါင်းဆောင်တက်ရောက်နေရာ အစည်းအဝေးကျင်းပရာ အဆောက်အဦသို့ လာရာလမ်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ဂျကာတာမှ ဆန္ဒထုတ်ဖေါ်မှုများကို လုပ်ဆောင်ခဲ့ကြသည်။



Ref; thestar