အိန္ဒိယနိုင်ငံ၏ ပထမဆုံး နှာခေါင်းအစက်ချ COVID ကာကွယ်ဆေးကို စတင်မိတ်ဆက်

အိန္ဒိယနိုင်ငံ၏ ပထမဆုံး နှာခေါင်းအစက်ချ COVID ကာကွယ်ဆေးကို စတင်မိတ်ဆက်
ဇန်နဝါရီ 28, 2023 | နိုင်ငံတကာသတင်း| Covid-19
By Mr John

အိန္ဒိယနိုင်ငံက ပြည်တွင်းထုတ် ပထမဆုံး နှာခေါင်းအစက်ချ COVID-19 ကာကွယ်ဆေးကို တရားဝင်ခွင့်ပြုချက် ပေးလိုက်ပြီဖြစ်ပြီး ကျန်းမာရေးဝန်ကြီး ဒေါက်တာ Mansukh Mandaviya နှင့် သိပ္ပံပညာနှင့်နည်းပညာဝန်ကြီး Jitendra Singh တို့က ဇန်နဝါရီလ (၂၆) ရက်နေ့တွင် မိတ်ဆက်ခဲ့သည်။ 

iNCOVACC အမည်ရှိ အဆိုပါဆေးက ကမ္ဘာ့ပထမဆုံး နှာခေါင်းအစက်ချ COVID ကာကွယ်ဆေးဖြစ်သည်ဟု ၎င်းတို့က ဆိုသည်။

ဟိုက်ဒရာဘတ်မြို့ အခြေစိုက် Bharat Biotech ဇီဝနည်းပညာကုမ္ပဏီက ထုတ်လုပ်ထားသည့် iNCOVACC နှာခေါင်းအစက်ချ COVID ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်သက်ရောက်သော (၇၄) နှစ်ပြည့် အထိမ်းအမှတ် Republic Day ဖြစ်သည့် ဇန်နဝါရီလ (၂၆) ရက်နေ့တွင် စတင်မိတ်ဆက်လိုက်ခြင်းလည်း ဖြစ်သည်။ 

အိန္ဒိယအစိုးရ၏ Drugs Controller General of India (DCGI) က iNCOVACC ကာကွယ်ဆေးကို အရွယ်ရောက်ပြီးသူများတွင် ထပ်ဆောင်း အားဖြည့်ကာကွယ်ဆေးအဖြစ် အသုံးပြုရန် ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း ခွင့်ပြုပေးခဲ့သည်။

iNCOVACC နှာခေါင်းအစက်ချ ကာကွယ်ဆေးမှာ ပို့ဆောင်ရလွယ်ကူပြီး ဆေးထိုးပြွန် သို့မဟုတ် ဆေးထိုးအပ် မလိုအပ်ကြောင်းနှင့် COVID ကာကွယ်ဆေး ထိုးဆေးများနှင့် နှိုင်းယှဥ်ရာတွင် ကိုယ်ခံစွမ်းအားတုံ့ပြန်မှုကို ပိုမိုဖြစ်စေကြောင်း Bharat Biotech ၏ ဥက္ကဌ ဒေါက်တာ Krishna Ella က ဆိုသည်။ 

ပုဂ္ဂလိက ဆေးရုံများတွင် iNCOVACC နှာခေါင်းအစက်ချ COVID ကာကွယ်ဆေး တစ်ကြိမ်စာအတွက် ရူပီး (၈၀၀) (အမေရိကန် ၁၀ ဒေါ်လာ) နှင့် အစိုးရဆေးရုံများတွင် ရူပီး (၃၂၅) (အမေရိကန် ၄ ဒေါ်လာ) ကျသင့်မည်ဖြစ်သည်။

iNCOVACC ကာကွယ်ဆေး(၂) ကြိမ်ကို (၂၈) ရက်ခြားပြီး နှာခေါင်းအတွင်း အစက်ချထည့်ရမည်ဖြစ်ကြောင်း သိရသည်။ 

အိန္ဒိယနိုင်ငံတွင် ယခုအချိန်အထိ COVID ကာကွယ်ဆေး (၂) ဘီလီယံကျော် ထိုးပေးထားပြီး ဖြစ်သည်။ 

အိန္ဒိယလူဦးရေ၏ (၇၀) ရာခိုင်နှုန်းမှာ အနည်းဆုံး COVID ကာကွယ်ဆေး (၂) ကြိမ် ထိုးထားပြီးဖြစ်ကြောင်း ပြည်ထောင်စုကျန်းမာရေးဝန်ကြီးဌာန၏ စာရင်းအချက်အလက်များအရ သိရှိရသည်။

 

Source: Hindustan Times, Economic Times